" ဗွမ်းးး! ကျစ်! "
" ကျစ်! ဒီအင်္ကျီကလည်း "
" ခွမ်း! ဟာ... "
" အာ့! "
" ဟူး....!"
အံဆွဲထဲက အနာကပ်ခွာကိုယူကာ ဖန်ခွက်ကွဲ ရှကာ သွေးထွက်နေတဲ့ ညာဘက်ခြေမထိပ်လေးထံတွင် ကပ်လိုက်သည်။ ဘယ်လက်တစ်ဖက်သာ လှုပ်ရှားလို့ရတာကြောင့် အနာကပ်ပလာစတာလေးကပ်တာတောင် မလွယ်ကူလှ။
ရန်း ကြမ်းပြင်ပေါ်သို့ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။ တစ်စစီ ပြန့်ကျဲနေတဲ့ ဖန်ခွက်ကွဲစတွေကို ကြည့်ပြီး ငိုချင်လာသည်။ ဘာလို့ ဘဝကြီးက ရှင်သန်ဖို့ ခက်ခဲနေရတာလဲ ။ ဘာလို့လဲ ။
မျက်နှာသစ်တဲ့အခါလည်း ခက်ခဲသည်။တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်တဲ့အခါလည်း ခက်ခဲသည်။ အဝတ်အစားလဲရင်လည်း ခက်ခဲသည်။ထမင်းစားလည်း ခက်ခဲသည်။ ရေသောက်လည်းခက်ခဲသည်။ ယုတ်စွအဆုံး အပေါ့အပါးသွားတာတောင် ခက်ခဲသည်။ အိပ်ယာထသည်မှ အိပ်ယာဝင်သည်အထိ
အရာရာတိုင်းက ခဲယဥ်းသည်။ဝန်းငယ်ကို လွမ်းလိုက်တာ။ ဝန်းငယ်သာဘေးမှာရှိနေရင် သိပ်ကောင်းမှာပဲ။
လိမ့်ကျလာတော့မယ့် မျက်ရည်ဥတွေကို မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်လုပ်ကာတားဆီးလိုက်ပြီး ဝမ်းနည်းမှုတွေကို မြိုသိပ်လိုက်သည်။ ဝမ်းနည်းစရာမှ မလိုဘဲလေ။စိတ်အားငယ်မှုတွေကြားက အားတင်းထကာ ပြန့်ကျဲနေတဲ့ ဖန်ကွဲစတွေကို ဂရုစိုက်ကာရှင်းလင်းပြီး အမှိုက်ပုံးထဲ ဆောင့်အောင့် ထည့်လိုက်သည်။
" နမိတ်မရှိ နမာမရှိ "
" တင်းတောင်! တင်းတောင်! "
" တင်းတောင်! တင်းတောင်! "
အဆက်မပြတ်တီးနေတဲ့ လူခေါ်ဘဲလ် အသံကို နားစွင့်ကြည့်လိုက်တော့ ရန်း အိမ်အောက်ထပ်က ထွက်ပေါ်လာခြင်းဖြစ်တာကြောင့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ ဆိုင်လည်းပိတ်ထားတာကို ဘယ်သူများပါလိမ့်။
"တောင်ကြီးရှမ်းရိုးရာစားသောက်ဆိုင်ကပါ မှာထားတာလေး လာပို့တာပါဗျ "
Delivery တစ်ဦးပင် ။ စားသောက်စရာများကို ရန်း အားလှမ်းပေးနေတာကြောင့် ရန်း အယောင်ယောင်အနနဖြင့် ယူလိုက်သည်။ ဒီအစားအသောက်တွေ ရန်း မမှာထားမိ။