Part - 37

1.7K 138 11
                                    

ဒီမနက်ခင်းဟာ ရန်းကို ကြေကွဲရက်စက်လေခြင်း။ အကြောင်းမှာမူ ပြတင်းပေါက်ဘောင်ပေါ်က နေကြာပန်းအိုးလေးဟာ အောက်သို့ပြုတ်ကျပြီး အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေ​လေသည်။အပင်လေးရဲ့အမြစ်ဟာ ပုပ်ကာနေပြီး မ​နေ့ကထိ အစွမ်းကုန်လှပစွာ ပွင့်လန်းနေခဲ့သော နေကြာပွင့်လေးသည်လည်းကြေမွနေရှာသည်။

" ခွမ်း " ဆိုသည့် ပန်းအိုးကျကွဲသံသည် အိပ်စက်နေသည့် ရန်း အား အစိမ်းလိုက်ထိုးနှက်ကာ နှိုးဆွလိုက်လေသည်။ ပြုတ်ကျစရာအကြောင်း တစ်နည်းမှ မရှိဘဲ ပြုတ်ကျလာသည်ကြောင့် အစပိုင်းမှာ မှင်သက်နေမိသည်။မျက်လုံးသေချာမပွင့်သေးတာကြောင့် ထင်ယောင်ထင်မှားမြင်နေရသည်ဟုပင် ထင်မိသည်။ အမြင့်ပေါ်ကနေ အောက်ကို ပြုတ်ကျလာသည့် ခံစားချက်ကဲ့သို့ ရင်ထဲဟာတာတာကြီးဖြစ်နေသည်။ပြန့်ကြဲနေသော အပိုင်းအစတွေကို ငူငူငိုင်ငိုင်ကြည့်ရင်း ရင်ထဲဆို့နင့်လာသည်။

ရှင်သန်ခြင်းဟာ ထာဝရတည်မြဲခြင်း မဟုတ်မှန်းသိသော်လည်း အရိပ်တကြည့်ကြည့် တယုတယ တန်ဖိုးထားပြုစုစောင့်ရှောက်ထားသည့်အရာကို ပျက်စီးဆုံးရှုံးလိုက်ရသည့်အခါ နာကျင်တာထက်ပိုပြီး ခံစားရသည်။

အပင်လေးတစ်ပင်ဆုံးရှုံးရတာဟာ ရန်းအတွက်တော့ ရင်သွေးငယ်လေးကိုဆုံးရှုံးရသလိုပါပဲ။ နှမြောတသသဖြစ်လွန်း၍ မျက်ရည်ပင်ကျမိသည်ထင်ပါတယ်။ ဒီအပင်လေးကို ဘယ်သူပေးခဲ့မှန်းမသိပေမဲ့ ပြုစုစောင့်ရှောက်ခဲ့တာတော့ ရန်း မဟုတ်လား။

အရင်နေ့တွေက ငှက်ကလေးများ၏အသံဟာ ဝေဝေဆာဆာဖြင့် တေးသီကျူးဟန်ရှိခဲ့သော်လည်း ဒီမနက်မှာတော့ ကျီးကန်းများ၏ တအာအာ ဟူသော အသံသည် နားထဲကန့်လန့်ဆန်စွာရှိနေသည်။ ငှက်ဆိုးထိုးသံဟုပြောရပေမည်။ မိုးကောင်းကင်သည်  တိမ်မဲတွေ တလိပ်လိပ်နှင့် မှောင်မဲကာညစ်နွမ်းနေသည်။ အချိန်မဟုတ်အခါမဟုတ် မုန်တိုင်းများရှိနေသလား။

" ကျစ် "

ရန်း စုတ်သပ်လိုက်သည်။မကြည်သောစိတ်တွေဟာ ရှုပ်ထွေးလို့လာသည်။

" နိမိတ်မရှိလိုက်တာ " ဟု ခပ်ညစ်ညစ် ရေရွတ်လိုက်သည်။

.

When You Find Lost Love AgainWhere stories live. Discover now