Part - 42

2.6K 150 9
                                    

ပူပြင်းခြောက်သွေ့သော ရာသီကို နွေ ဟုခေါ်သည်။ သို့သော် ရန်းကတော့ နွေကို သိပ်သဘောကျသည်။ နွေသည် လှပသာယာသည်ဟု ရန်းတစ်ယောက်တည်းသာ ထင်နေသည်လား။

အဖြူ ၊အဝါ၊အနီ၊အပြာ ပန်းကလေးများသည် မှင်သက်ရှူမောဖွယ် ပွင့်ဖူး၊ပွင့်လန်းသော ရာသီမဟုတ်ပေလော။ တိကလေးများ၏ " ပိကျိ ပိကျိ " အသံပေါင်းစုံဟာ ခြောက်ကပ်နေသော ပတ်ဝန်းကျင်ကို လှုပ်ရှားစေသည်။ခြောက်သွေ့နေသော ပတ်ဝန်းကျင်ကို စိုပြေစေသည်။တစ်ဦးတည်းသော သူ့ကိုအဖော်ပြုသည်။

နေထွက်ချိန်ဟာ တောက်ပပြီး နေဝင်ချိန်ဟာ လှပသည်။ အသီးအနှံပေါများပြီး လတ်ဆတ်သည်။နွေရာသီဖက်ရှင်ဟာ လူကို ပေါ့ပါးစေသည်။ တသွင်သွင်ပျော်ဝင်စီးဆင်းနေသော စမ်းချောင်းလေးမှာ ငါးဖမ်းရတာ နှစ်သက်စရာပင်။သစ်ပင်အရိပ်အောက် ဖျာတစ်ချပ်ခင်းပြီး အနားယူရတာဟာ မွေ့လျော်စရာ။ နေတတ်ရင် လူ့နိဗ္ဗာန်ဖြစ်ပြီး မနေတတ်ရင်တော့ လူငရဲဖြစ်သည်။ ဘယ်လိုပဲဖြစ်ပါစေ နွေဟာသိပ်လှသည်။

ရန်းအိမ်ရှေ့က စိန်ပန်းပင်တွေဟာ တပင်လုံး ရဲရဲနီလို့ ဝါထိန်ထိန် ၊ စိန်ပန်းနီတွေဟာ တစ်ပင်လုံး မြိုင်လို့ စိန်ပန်းဝါတွေဟာ တစ်ပင်လုံးကြိုင်လို့ ။ ကြိုင်လှိုင်မှုကို ငေးမောရတာဟာ ရန်းအတွက်တော့ အေးချမ်းမှုရဲ့အနှစ်သာရ။တစ်ခုတော့ရှိသည်၊ နွေရဲ့လေဟာ သိပ်ကို ကျီစယ်လွန်းသည်မို့ ပွင့်ဖတ်တွေကို ကြွေစေပြီး၊ သစ်ရွက်ခြောက်တို့ကို ခြွေချလေသည်။ ကြွေနေခိုက် လေမှာဝဲနေခိုက် အချိန်ဟာလည်း သဘာဝရဲ့ပန်းချီတစ်ချပ်ဖြစ်နေလေတော့ လေကို အပြစ်မမြင်ရက်ပေ။ သစ်ရွက်ခြောက်တို့ကို ရှင်းရသည်မှာ လှုပ်ရှားရတဲ့လေ့ကျင့်ခန်းတစ်ခုလို့ ကျန်းမာရေးအမြင်နှင့် သတ်မှတ်လိုက်လေတော့သည်။

နွေ၏အငွေ့အသက်နဲ့အတူ နိုးထလာရသည့် မနက်ခင်းမှာ နိုးနိုးချင်း သဘာဝတရားက ပေးတဲ့ ရာသီ ၊ လူတွေသတ်မှတ်တဲ့ နွေ အကြောင်းကို အရင်တွေးကာ ခံစားနေမိသည်။

သဘာဝတရားကို ခံစားနေတဲ့ ဒီနံနက်ခင်းလေးမှာပဲ ဂရုတစိုက် ထွေးပွေ့နေကျ ပြတင်းပေါက်ဘောင်ပေါ်က နေကြာပန်းလေးဟာ ညိုးနွမ်းကာ ငိုက်ကျနေသည်ကို စိတ်မကောင်းစွာမြင်ရသည်။ ဝမ်းနည်းဆိုးစွာ အလျင်အမြန် ယုယသော်လည်း ကယ်တင်၍မရဘဲ အသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

When You Find Lost Love AgainWhere stories live. Discover now