" ဒေါက် ဒေါက် ဒေါက် "
တံခါးခေါက်သံကြောင့် ကုတင်ထက် လေးငိုင်စွာ ထိုင်နေသော ရန်း၏ကိုယ်လေးမှာ ဆတ်ခနဲ မတ်သွားသည်။
" ဝန်း လား "
ရင်အတွင်းမှ လှိုက်တက်လာသော အမည်နာမလေးကို နှုတ်ဖျားက ရေရွတ်ရင်း တံခါးဆီသို့ အပြေးအလွှားသွားလိုက်သည်။
" ကျွီ~~~ဝန်း "
ဝမ်းသားအားရ တံခါးကို ဖွင့်ဟကာလှိုက်လှိုက်လှဲလှဲ ခေါ်ဆိုလိုက်ပေမယ့်အခန်း၏အပြင်ဘက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေ။
" ဟက်! ...ဘာကိုမျှော်လင့်နေတာလဲ "
မျက်ဝန်းအိမ်မှ လိမ့်ဆင်းလာသော
မျက်ရည်တွေကြားထဲကနေ ကိုယ့်ကိုယ်ကို ဟားတိုက်လှောင်ရယ်လိုက်သည်။ဖြစ်ပြီးရင်ပျက်တတ်တဲ့ လောကတရားကို ကိုယ်တိုင်ကြုံတွေ့နေရပေမယ့်လက်မခံနိုင်သေးပေ။ မျက်စိတမှိတ်အတွင်း ပြောင်းလဲသွားတဲ့အခြေအနေကို ရန်းအနေနဲ့ လက်ခံနိုင်ဖို့ ခဲယဥ်းလှသည်။ ရန်းသည် အခုထိ ကိုယ့်ကိုယ်ကို စိတ်ကောက်နေသောကလေးငယ် လို့ ထင်မှတ်နေတုန်း ။ဝန်း လာချော့မှာကိုမျှော်လင့်မိနေတုန်း ။
ငြိမ်သက်နေသော ဖုန်းလေး ။ စာဝင်သံတွေမကြားရတော့ဘူး ၊ မနက်တိုင်း ကြားရနေကျ ဖုန်းခေါ်သံတွေ ဆိတ်
သုဥ်း ကုန်ပြီ ။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင် မှာ ရန်း တစ်ယောက်ထဲသာ ။" ဒေါက် ဒေါက် ဒေါက် "
" ကျစ်! "
နောက်တဖန် ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် ရန်း စုပ်သတ်လိုက်သည်။ တညလုံး မအိပ်ရသေးတာကြောင့် ကြားယောင်နေသည်လား။
" ဒေါက် ဒေါက် ဒေါက် "
ထိုအသံသည် အနီးအနားကထွက်လာတာကြောင့် ပတ်ချာလည် လိုက်ရှာလိုက်တော့ တရားခံက ငှက်ကလေးတစ်ကောင်။
" ဟူး....."
ပြတင်းပေါက်မှန်ကို နှုတ်သီးဖြင့်
တတောက်တောက်ခေါက်နေတဲ့
မနက်ခင်းငှက်လေးကို မြင်မှ ရန်း စိတ်သက်သာရာ ရသွားသည်။ကာဆီးထားတာကို မသိလေရောလား။
အတားအဆီးမှန်းသိလျက်နဲ့ အတင်းဇွတ်တိုးဝင်ချင်နေတာလား။