ည (7) နာရီမှာတော့ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ (၄၇၀၀) မှာ ရှိသော တောင်တွေကာရံထားတဲ့ တောင်ပေါ်မြို့လေး ကလော ကို ရောက်လာခဲ့တယ်။ ပုံမှန် 9 နာရီလောက် ကြာတဲ့ ခရီးကို ဝန်းတို့က 14 နာရီလောက် ကြာအောင် မောင်းလာခဲ့ရခြင်း ။ အကြောင်းအရင်းကတော့ ဘေးက ကိုယ်တော်လေး ရဲ့ စပ်စုမှုတွေ ကြောင့်ပင်။ လမ်းမှာတွေသမျှကို စိတ်ဝင်စားပြီး နေရာတိုင်းလိုလိုမှာ ကားရပ်ကာ စူးစမ်းနေတာမို့ ဒီခရီးက ဒီလို ကြာမြင့်လာခြင်းဖြစ်တယ်။
ထင်ရှူးမြို့တော် ဆိုတဲ့အတိုင်း ထင်ရှူးပင်တွေကိုလည်း လမ်းဘေးဝဲယာမှာ အများကြီး တွေ့ရသည်။ မကြာခဏ အလုပ်နဲ့ လာရတတ်တာမို့ ကလောမြို့လေးက ဝန်းအတွက် စိမ်းသက်သက် မဟုတ်တော့။ လွှားပေါက်စန ကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ အကုန်လုံးကို သဘောတကျ လိုက်ကြည့်နေတာ ကားအပြင်ကိုပင် ထွက်ကျတော့မည်။
တည်းခိုရမယ့် ဟိုတယ်ထဲ ဝင်လာတာနဲ့ ဒေစီပန်း ခင်းကြီးကို တွေ့လိုက်ရသည်။ လမ်းတစ်လျှောက် ဒေစီတွေနဲ့ အလှဆင်ထားတဲ့ ဟိုတယ်။ ပန်းတွေက သိပ်မပွင့်နေပေမယ့်လည်း သိပ်လှတဲ့ ပန်းတွေဆိုတာ သိသာလှသည်။ ညဘက်မှာတောင် မီးရောင်တွေနဲ့ တောက်ပစွာ လှနေတာ နေ့ဆို ဘယ်လိုတောင်လှလိုက်မလဲ။ အစ်ကိုသာဆို သိပ်သဘောကျမှာ။
ကလောရဲ့ဆောင်းက သိပ်အေးသည်။ ဟိုတယ် က ဧည့်ကောင်တာကနေ ဗီလာကို လမ်းလျှောက်လိုက်တာ ခနလေးအတွင်း ဝန်းတို့ တစ်ကိုယ်လုံး စိုစိစိ ဖြစ်သွားသည်။ ညဘက်မှာတောင် မြူတွေက ကျနေတယ်လေ ။ အေးမြခြင်းသည်လည်း ကလောမြို့ရဲ့ ဆွဲဆောင်မှုလေး တစ်ခုပဲ မဟုတ်ပေလား။
အခန်းထဲ ရောက်တာနဲ့ နှစ်ယောက်သား ကုတင်ပေါ် ပြေးတက်ကာ လှဲလိုက်ကြသည်။ကုတင်နှစ်လုံး ရှိတဲ့ နှစ်ယောက်ခန်း ဖြစ်တာကြောင့် တစ်ယောက်တစ်ကုတင်နဲ့ စိန်ကျကျပင်။
ဝန်း နဲ့ လွှား က ဗီလာတစ်လုံးမှာ သက်သက်နေရသည်။ တမင်သက်သက် စီစဥ်သူတွေ သဘောကျ နေခိုင်းခြင်း ။ ဒါကို လွှားပေါက်က ကိုကို နဲ့ တူတူမနေဘူးဆိုပြီး သွားဂျီနေသေးတာ ဟက် ။ သူ့မုန့်ထုပ်ကြီးကို မသယ်ကူလို့ စိတ်ဆိုးနေတာ နေမယ်။