" အစ်ကို "
အစ်ကိုဆီရောက်တော့ အပေါ်ထပ် ဝရံတာက အပင်လေးတွေကို ရေလောင်းနေသည်။ အစ်ကို့အပင်လေးတွေကြား ဝန်း ပါဝင်ပြီး အစ်ကို့ကို အနောက်ကနေ ဖက်တွယ်လိုက်သည်။ ဖက်တွယ်ထားနေရင်းကို ပျောက်ကွယ်သွားမှာ ကြောက်သည်။ ညနေခင်းတိုက်ခတ်နေသော ဆောင်းလေအေးတို့နဲ့အတူ ယိမ်းလှုပ်သွားတဲ့ အစ်ကို့ဆံပင်လေးတွေကို နမ်းရှိုက်လိုက်သည်။
" မင်းအမေငါ့ကိုလာတွေ့သွားတယ် "
" ဟင် အစ်ကို့ကိုဘာလုပ်သွားသေးလဲ "
အစ်ကို့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီးသေချာစစ်ကြည့်ပေမယ့် ဘာဒဏ်ရာဒဏ်ချက်မှ မတွေ့ရ။
" ဘာလို့ အတင်းလှန်နေတာလဲ "
လူကိုပတ်ပတ်လည်ကြည့်ပြီး အင်္ကျီကို အတင်းဆွဲလှန်နေတဲ့ ဝန်း ။ အင်္ကျီလှန်လို့မှ ဘာမှမတွေ့ရင် ဘောင်းဘီဆွဲချွတ်မည့်ပုံ ။ သူ့မိဘတွေက ဘယ်လိုလူတွေမလို့ ဒီလိုလန့်နေရတာလဲ ။
"ဘာမှမလုပ်သွားဘူးလို့ ငါက
မင်းအမေရန်သူမလို့လား "ရန်း ပြောတာကို မယုံချင်ဘဲ မသင်္ကာတဲ့အကြည့်နဲ့ကြည့်နေသေးသည်။ ဒီတိုင်းဆို လသာဆောင်မှာ ရပ်နေလို့မဖြစ်တော့ ဘောင်းဘီလာဆွဲချွတ်လို့ လူတွေ မြင်ကုန်ရင် ဒုက္ခ။ ရန်း အိမ်ထဲကိုခပ်သွက်သွက်ဝင်တော့ နောက်ကနေထပ်ကြပ်မကွာ လိုက်လာသည်။ ရန်း ဆိုဖာပေါ်ထိုင်လိုက်တော့ ရန်းနဲ့မျက်နှာချင်းဆိုင်မှာ ချက်ချင်းဝင်ထိုင်သည်။မျက်နှာမှာလည်း အလိုမကျမှုတွေအထင်းသား။
" သူတို့က ပုံမှန်စိတ်ရှိတာမဟုတ်ဘူး "
" ကိုယ့်အမေကို ဘယ်လိုပြောနေတာလဲ ဝန်းငယ် "
" ကျွန်တော့်မှာအမေ မရှိဘူး "
ရန်း ဆူရင် လက်ခံနေကျ ကလေးက ခုတော့ ပြန်ခံပြောလာသည်။ ဘယ်လောက်အတိုင်းအတာထိ မိဘကို စိတ်နာနေသလဲဆိုတာ ရန်းမခန့်မှန်းနိုင်။
ဝန်းရဲ့ခံစားချက်တွေကို အကုန်ယူလို့မရရင်တောင် နည်းနည်းပဲ သက်သာသက်သာ မျှဝေခံစားချင်သည်။ မိသားစုနဲ့ပတ်သက်တဲ့ ခံစားချက်ဆိုးတွေကို ပျောက်ကွယ်စေချင်သည်။ဒါမှ ဝန်း စိတ်ပျော်လိမ့်မည်။