ညစာစားပြီးသော်လည်း မဟာရော ကိုလင်းပါ အခန်းထဲဝင်မနားနိုင်ကြသေး ။ အပြင်မှာသည်းကြီးမည်းကြီးရွာနေတဲ့မိုးကို ပြတင်းပေါက်ကတဆင့်ထိုင်ကြည့်နေလိုက်တယ် ။
" မိုးကတော်တော်ကောင်းနေတာပဲ ဒီပုံအတိုင်းဆို မနက်ထိတောင် တိတ်မယ်မထင် "
" ဟုတ်တယ် ကိုလင်းရယ် စိတ်ညစ်ပါတယ် "
" အခန်းထဲမှာ အိပ်ဖို့အဆင်ပြေပါ့မလား "
" ပြေပါတယ် ကိုလင်း "
" အေးအေး အဲ့တာဆို အကို နားတော့မယ် မဟာလဲ အိပ်တော့နော် လျှောက်တွေးမနေပါနဲ့ "
" ဟုတ် ကိုလင်း Good Night "
" Good Night မဟာ "
ကိုလင်း အခန်းထဲဝင်သွားပြီး ဆယ်မိနစ်လောက်ကြာမှ မဟာ လဲ အခန်းထဲဝင်လာလိုက်တယ် ။ ဖျာပေါ်မှာ မလှုပ်မယှက်နဲ့ အိပ်နေတဲ့ ကောင်လေး က အခုထိ နိုးမလာသေး ။ နိုးမလာတာကိုပဲကျေးဇူးတင်ရမလား ။ မနိုးသေးလို့စိတ်ပူရမလားပင်မသိတော့ ။
သူ့ဘေးနားမှာဝင်ထိုင်ပြီး စောင်လေးကိုလည်ပင်းထိ ဆွဲခြုံပေးကာ သူ့လက်ကလေးကို ကိုင်ပြီး အနွေးဓာတ်ရလိုရငြား ပေးနေမိသည် ။ မျက်ခုံးတန်းတန်းလေးတွေ မျက်တောင်ရှည်ရှည်လေးတွေကို ငေးနေမိတယ် ။ အဲ့ဒီ့မျက်တောင်ရှည်လေးတွေကြား အိပ်စက်ချင်မိတယ် ခင်ဗျားလေးရယ် ။ မေးရိုးတစ်လျှောက်နဲ့နားထင်စပ်တွေ ပါးအစပ်တွေမှာ ခြစ်ရာဗလပွ နဲ့ ။ နှုတ်ခမ်းထူထူထောင့်မှာ သွေးစတစ်ချို့ ။
" ခင်ဗျားလေးကိုလေ ကိုယ် ဖွက်ထားချင်တယ် ဘာဒဏ်ရာမှ မရအောင်ရော ဘယ်အရာကမှ မနာကျင်စေနိုင်အောင်ရောပေါ့ "
ဘယ်လောက်ကြာကြာ ငေးနေမိလဲ မသိလိုက်ပါ ။ သူ့ဘေးနားမှာပဲ ထိုင်ရင်း နံရံကိုမှီကာ မဟာ အိပ်ပျော်သွားခဲ့သည် ။ ရုတ်တရက် လက်ကလှုပ်လာတာကြောင့် မဟာ နိုးသွားသည် ။ ကြည့်လိုက်တော့ သူဆုပ်ကိုင်ထားတဲ့ အထွန်း လက်က ရုန်းနေပြီး တစ်စုံတစ်ခုကို လန့်နေသလို ။ လူကတော့ အိပ်လျက်ပင် ။
မဟာလဲ အထွန်းရင်ဘက်ပေါ်လက်လေးတင်ကာ
အို အေ့ အို အေ့ အေ့ အေ့ အို အေ
အို အေ့ အို အေ့ အေ့ အေ့ အို
ကြယ်ရောင်စုံတောက်ပ လမင်းကြီးကသာ
ငှက်ကလေးများလဲ အိပ်ပျော်နေပါပြီ
ကန်ရေပြင်ကြီးလဲငြိမ်သက်တိတ်ဆိတ်စွာ
မျက်လုံးမှိတ်ပြီး အိပ်ပါ ညီလေးရာ