အဝေးပြေးလမ်းမက မိုင်တိုင်တွေတစ်ခုပြီးတစ်ခုကျော်လာတာနဲ့အမျှ ရင်တွေခုန်လာရသည် ။ ကိုကိုးကို အခုမှတွေ့ဖူးမယ့်သူလို တုန်လှုပ်ပြီး စိတ်ထဲ ပျော်နေသလိုခံစားချက်ကပါပူးတွဲနေတာ ။ အမှန်က ရန်ကုန်ရောက်ဖို့ ၂ နာရီနီးပါးလောက်လိုသေးပေမယ့် ဖြစ်နိုင်ရင် ပြေးပြီးသွားလိုက်ချင်နေပြီ ။
" သခင်လေး ရှေ့မှာ ခဏနားဦးမလား "
" မနားဘူး အမြန်ဆုံးရောက်အောင်မောင်း "
" ဟုတ်ကဲ့ "
မြန်မြန်ရောက်ချင်နေပါတယ်ဆိုမှ နားဖို့လာပြောနေသေးသည် ။ ဒီလိုနဲ့ ရန်ကုန်ကိုရောက်တော့ မနက်အစောကြီး ။ စိတ်စောပြီး ကိုကိုးတိုက်ခန်းအောက်ကိုရောက်နေတာ ။ အပေါ်တက်သွားလို့လဲမဖြစ်သေးပါဘူး ။ ကိုကိုးအိပ်ရေးပျက်သွားဦးမယ် ။
ကားပေါ်မှာခွေခေါက်ပြီး မနက်မိုးလင်းမှာကိုစောင့်နေလိုက်တယ် ။ ကိုကိုးတို့အိမ်နဲ့ဆို အနီးဆုံးဖြစ်တဲ့ မြန်မာပလာဇာကို ကိုးနာရီ မှာ အပြေးသွားပြီး အဝတ်အစားဝယ်လဲပြီး မျက်နှာပေါင်းတင်တာနဲ့ခေါင်းလျှော်ဘာညာလုပ်ရသေးသည် ။
" Dating ရှိလို့လား အကို "
ဆံပင်ပုံသွင်းပေးနေတဲ့ကောင်မလေးက မေးလာတာကြောင့် အထွန်း ပါးချိုင့်တွေခွက်နေအောင်ပြုံးလိုက်ပြီး
" ဟုတ်တယ် ဗျ ကျွန်တော့်ကောင်လေးနဲ့ချိန်းထားလို့ "
" အို ကောင်လေးလား မိုက်တာပေါ့ "
" ဟုတ်တယ်ဗျ "
" အဆင်ပြေတဲ့နေ့လေးဖြစ်ပါစေ အကို "
" ကျေးဇူးဗျာ "
နောက်ဆုံးတော့ မှန်ထဲမှာ ကိုယ့်ကိုကိုယ်ကြည့်မိသည် ။ လောလောလတ်လတ်ပုံသွင်းထားတဲ့ ငွေမှင်ရောင်ဆံစတွေက ဝဲဝဲလေးဖြစ်နေပြီး တစ်ချို့က နဖူးပေါ်ကျနေသည် ။ လက်ချောင်းသွယ်တွေနဲ့ထိုးဖွပြီး လှန်တင်လိုက်တိုင်း ပုံကျစွာပြန်ကျလာတဲ့ ဆံပင်တွေ ။ အဝါရောင်တီရှပ်လက်တို နဲ့ ဘောင်းဘီအဖြူအတို လေးကို တွဲဝတ်ထားတာကြောင့် နဂို ဝင်းဝါနေတဲ့အသားအရည်က ထင်ဟပ်နေလျက် ။ ပါးချိုင့်တွေကို ခွက်နေအောင် စိတ်လိုလက်ရပြုံးမိတော့ နှုတ်ခမ်းနုနုအောက်ကနေ ပေါ်လာတဲ့ သွားထပ်လေး ။