အပိုင်း ၅၁ / အပိုင္း ၅၁

6.6K 746 49
                                    

စည်ကားသင့်တဲ့နေရာမဟုတ်ပေမယ့် အခန်းလွတ်ရယ်လို့ မရှိအောင် စည်ကားနေသည် ။ " ဦးမိုးအာကာ အသက် ၄၈ နှစ် " ဆိုတဲ့ အဖြူရောင်စာရွက်ကပ်ထားတဲ့ အခန်းထဲမှာလဲ လူတွေအပြည့် ။ မှန်အခေါင်းထဲမှာ နှင်းဆီအနီတွေအပြည့်နဲ့ဖုံးထားတဲ့ ဒယ်ဒီ့ရုပ်အလောင်းကို ကြည့်နေတဲ့သူအများအပြားထဲမှာ ကျွန်တော်မပါဝင်ခဲ့ပါ ။ ကျွန်တော် လိပ်ပြာမလုံပေ ။ ဒယ်ဒီ့ရဲ့နောက်ဆုံးအခြေအနေကို ကျွန်တော်ဘာမှမလုပ်ပေးနိုင်ခဲ့သလို နောက်ဆုံးဒယ်ဒီနဲ့တွေ့ရမယ့်အခွင့်အရေးကို ကိုယ်တိုင် ရိုက်ချပစ်ခဲ့သည်မဟုတ်ပါလား ။

ယောဂီဝတ်စုံနဲ့မာမီက မှန်ဘောင်ကိုကိုင်ရင်း တသိမ့်သိမ့်ငိုနေလေရဲ့ ။ ဘေးမှာ သူ့ကိုဝိုင်းနှစ်သိမ့်ပေးနေတဲ့ အဒေါ်ကြီးတွေလဲရှိနေပါသည် ။ ကြေးစည်ထုသံတစ်ချက်တစ်ချက်က မဟာ့ကို ယိုင်လဲ စေသည် ။ နှလုံးသားတွေပြုတ်ထွက်မတတ်နာကျင်ရပါသည် ။ သဘောထားချင်းမတိုက်ဆိုင်တာတွေရှိပေမယ့် ငယ်စဉ်ကတည်းက တစ်ဦး‌တည်းသောသားဖြစ်တဲ့သူ့အပေါ် ငုံထားမတတ်ချစ်ကာ အလိုလိုက်ခဲ့တာတွေကို ပြန်မြင်ယောင်လာသည် ။

သဂြိုလ်မယ့်အချိန်ကျပြီဖြစ်လို့ ဒယ်ဒီ့ဓာတ်ပုံမှန်ဘောင်ကိုကိုင်ကာ သဂြိုလ်စက်နားထိ လိုက်ပို့ခွင့်ရခဲ့သည် ။ ကျွန်တော့်ကိုခွင့်လွှတ်ပါ ဒယ်ဒီ ကျွန်တော်သိပ်ကိုမှားယွင်းခဲ့ပါတယ် ။ ဒယ်ဒီက ဆရာဝန်တစ်ယောက်ဖြစ်အောင်ပျိုးထောင်ပေးခဲ့ပေမယ့် ဒယ်ဒီ့ကိုတောင်မကယ်နိုင်တဲ့အထိ ပျက်ပြားလွန်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရတာ တောင်းပန်ပါတယ် ဒယ်ဒီ ။ သားမိုက်ကို ခွင့်လွှတ်ပေးပါ ။ မာမီ့ကိုလဲ စိတ်ချပါ သား စောင့်ရှောက်ပါ့မယ် ။

မီးခိုးခေါင်းတိုင်ကြီးကို ရပ်ငေးနေရင်း ရင်ခွင်ထဲမှာ မာမီ ကလဲ တရှိုက်ရှိုက်ငိုကြွေးနေတုန်းပေါ့ ။ ဒယ်ဒီသွားနှင့်ပါ စိတ်ဖြောင့်ဖြောင့်နဲ့သွားနှင့်ပါ ။ ဒယ်ဒီလှမ်းကြည့်တိုင်း စိတ်ချရတဲ့သားတစ်ယောက်အဖြစ်နဲ့ ကျွန်တော် အသက်ဆက်ရှင်ပါ့မယ် ။

အိမ်ပြန်ရောက်တော့ ဘုရားခန်းထဲက ခုံမှာ ဒယ်ဒီ့ဓာတ်ပုံကို ထားပြီး အပြင်ပြန်ထွက်လာတော့ ဧည့်သည်တွေနဲ့ ရှုပ်ယှက်ခတ်နေပေမယ့် မဟာ့နားထဲဘာသံမှမကြားပါ ။ စိတ်တွေပျံ့လွင့်နေတာလား ဘာဖြစ်နေတာလဲ သူမသိ ။ မဟာ့သူငယ်ချင်းတစ်ချို့ရောက်နေတာကို သိပေမယ့် မဟာ အခန်းထဲသာဝင်ပြီး တစ်ယောက်ထဲ နေခဲ့မိတယ် ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now