နံရံပေါ်က နာရီကို ကြည့်ပြီး အချိန်တွေကုန်ဆုံးသွားစေတာ တစ်နာရီ နှစ်နာရီ သုံးနာရီ ။ လူနာကုတင်ပေါ်မှာ ဆေးပိုက်တွေနဲ့ အိပ်ပျော်နေတဲ့ အကို က အခုထိ သတိမရသေး ။ ဆရာဝန်တွေက စိတ်ချရတယ်ပြောပေမယ့် အခုထိ နိုးမလာသေးတာကို သဘောမကျ ။
ကိုယ်ခန္ဓာက အနည်းငယ် နာနေသလိုခံစားနေရပြီး လက်တွေက လှုပ်မရအောင် ထုံနေသလိုပင် ။ အားယူပြီး မျက်လုံးကိုကြိုးစားဖွင့်ကြည့်မိတော့ မျက်နှာကျက်အဖြူရောင်ကို အရင်တွေ့ရသည် ။ ခေါင်းကို ဘယ်ဘက်အခြမ်းကို စောင်းငဲ့ကြည့်တော့ ခုံပေါ်မှာထိုင်နေတဲ့ ညီ ။
ညီ က ဒူးခေါင်းနှစ်ဖက်ပေါ် တံတောင်ဆစ်နဲ့ အားပြုပြီး လက်ထောက်ကာ မျက်နှာကို ငုံထားသည် ။ ညီ့လက်ချောင်းတွေက ညီ့ရဲ့ ငွေမှင်ရောင်ဆံပင်တွေထဲမှာ နေရာယူလျက် ။ ညီ အိပ်ရောအိပ်ရဲ့လား ၊ ထမင်းရောစားရဲ့လားမသိ ။ ရုတ်တရက်အကြည့်မှာတင် ညီ့ကို ပိန်သွားသည်ဟု ထင်နေမိသည် ။
" ညီ "
ခေါင်းကို ဆက်ခနဲမော့ကာ ချက်ချင်း ကျွန်တော့်နားကို ပြေးလာပြီး ဆေးပိုက်မတပ်ထားတဲ့လက်ဖဝါးကို နွေးထွေးစွာဆုပ်ကိုင်လာသည်။
" အကို အဆင်ပြေရဲ့လား နာတဲ့နေရာရှိလား "
" ကိုယ် အဆင်ပြေပါတယ် "
" အင်းအင်း ဟုတ်ပြီ စကားအများကြီးမပြောနဲ့ဦး ကျွန်တော် ဆရာဝန်သွားခေါ်ဦးမယ် "
" အင်း အင်း "
" ခဏလေးနော် "
ညီ က အခန်းအပြင်ကို အမြန်ပြန်ထွက်သွားလေရဲ့ ။ စိုးရိမ်ပူပန်နေတဲ့ ညီ့မျက်လုံးတွေကိုမြင်ခွင့်ရတာနဲ့တင် အသက်ရှင်ရတာ ကျေနပ်စရာပါပဲ ။ ကျွန်တော် ရှင်သန်မိပြန်ပြီ ။ နောင်တတရားတွေနဲ့ရှေ့မဆက်ပါရစေနဲ့ ။
ခဏနေတော့ ညီ နဲ့ အတူ ပီ က လိုက်လာတယ် ။
" ဘယ်လိုလဲ အခြေအနေ "
" နာနေသလိုပဲ "
" ဟ နာမှာပေါ့ မေ့ဆေးပေးပြီးခွဲထားပေမယ့် မင်း အထဲထဲကို နာရီပေါင်းများစွာ နှိုက်ပြီး ကလီဆာတွေကို ... "