ခြံထဲကို တိုးဝင်လာတဲ့ လေနုအေးအေးက ကျွန်တော်တို့နှစ်ယောက်ကြားကို မဝင်နိုင်လို့ထင်ပါရဲ့ ဘေးက အပင်လေးတွေဆီကို တိုးဝှေ့ဝင်နေကြတာ အပင်ငယ်လေးတွေ ယိမ်းလို့ ။
" ကိုကိုး "
" အင်း ပြောလေ မောင် "
" သွားနားကြမယ်လေ "
" ဟုတ် မောင် သွားမယ်လေ "
အိမ်ထဲဝင်လာပြီး အပေါ်ထပ်က ကျွန်တော့်အခန်းထဲ ကိုကိုးကိုခေါ်လာလိုက်တယ် ။
" ကိုကိုး ရေချိုးလိုက်ဦးနော် ဗီဒိုထဲမှာ ကျွန်တော့်အဝတ်အစားတွေရှိတယ် "
" အင်း မောင် က ဘယ်လဲ "
" အကို့ဆီ ခဏ သွားမလို့ "
" ဪ အင်းပါ ပြီးရော "
ကိုကိုး ရေချိုးခန်းထဲဝင်သွားတော့ ကျွန်တော် အောက်ထပ်ကိုပြန်ဆင်းလာလိုက်တယ် ။ ခြေလှမ်းတွေက အိမ်အနောက်ဘက်က ဂိုထောင်ဆီ ။ ကျွန်တော့်ကိုမြင်တော့ တံခါးပေါက်က လူတွေက တံခါးကိုဆွဲဖွင့်လိုက်တယ် ။
" ဘယ်လိုလဲ သော်ချမ်းမြေ့ရဲ့ အိပ်လို့မှ ကောင်းရဲ့လား "
" တင်မောင်ထွန်းညို မင်း မင်းငါ့ကို ဘာအချိုးချိုးတာလဲ "
" ဘာအချိုးလဲ သိချင်လား "
ထိုင်ခုံနဲ့တွဲလျက် ကြိုးတုပ်ခံထားရတဲ့သော်ချမ်းမြေ့ရှေ့မှာ ခုံတစ်လုံးကိုဆွဲယူပြီး ထိုင်လိုက်တယ် ။ ဆေးလိပ်တစ်လိပ်ကိုမီးညှိကာ ခြေထောက်တစ်ဖက်ကို ချိတ်လိုက်သည် ။
" မင်း မယုတ်မာနဲ့ ခွေးကောင် "
" ဟားးး ယုတ်မာတယ်တဲ့လား "
မင်းမောင် မျက်လုံးနှစ်ဖက် ကြားနှာတံထိပ်ကို လက်နဲ့ထောက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည် ။ လျှာကို ပါးစောင်ကိုထိုးလိုက်ပြီး သော်ချမ်းမြေ့ကို စိုက်ကြည့်နေတဲ့ပုံက တကယ်ကို ကျောချမ်းဖွယ်အတိ ။
" မင်းက ဒါကို ယုတ်မာတယ်ခေါ်တာလား မင်းငါ့ကိုပြည့်တန်ဆာအိမ်မှာရောင်းသွားတာကျတော့ရော ဟမ် မင်းကိုမင်း မဟာအာကာပါလို့ ပြောသွားတာကျတော့ရော "