ကျွန်တော်ဟာ ကျွန်တော်နဲ့မတူအောင် မီးဖိုချောင်ထဲအလုပ်ရှုပ်နေမိတာ ။ ဘာရယ်တော့မဟုတ်ပါဘူး ။ YouTube ကနေ ချောကလက်လုပ်နည်းတွေကြည့်ပြီး ကြိုးစားပမ်းစားနဲ့ ချောကလက်တစ်ဗူးဖြစ်လာအောင် ဖန်တီးယူနေတာပေါ့ဗျာ ။ဒါပေမယ့်လေ တော်တော်ခက်ခဲတယ်ဗျ ။ တစ်ချို့အဆင့်တွေဆို ကျွန်တော်နားကိုမလည်ဘူး ။ ခင်ဗျားလေးတို့ကပြောမှာပေါ့ ဒီတိုင်း ဝယ်ပေးလဲ ရတာကို ဆိုပြီးတော့ ။ ဒါပေမယ့် ကျွန်တော်က ကိုယ်တိုင် ကျွန်တော့်နှလုံးသားတစ်ခုလုံးနဲ့ ဌာပနာပြီး လုပ်ချင်နေတာ ။
တစ်ခုတော့ရှိတယ်ဗျ ။ ရုပ်ရှင်တွေထဲကလို ခပ်ဖြောင့်ဖြောင့်ကောင်လေးက အေပရွန်ဝတ်ပြီး မုန့်လုပ်နေတာနဲ့မတူဘူးဗျ ။ မီးဖိုချောင်ထဲ ဆူနာမီဝင်သလိုကို ရှုပ်ပွနေတော့တာ ။
ခု ည 11 နာရီထိုးပြီ ။ မနက်မိုးလင်းရင် ချစ်သူများနေ့ ။
ဒီည 12 နာရီ တစ်စက္ကန့်ဆိုတာနဲ့ ချစ်ရသူရဲ့ အခန်းတံခါးရှေ့မှာ ချောကလက်ဗူးလေးရောက်နေစေချင်တာ ။လက်ထဲက ချောကလက်ဗူးလေးထဲမှာတော့ Smile ပုံစံ ချောကလက်အဖြူ နဲ့ အညိုလေးတွေ အစီအရီ ။ ပြီးရင် ဖဲကြိုးလေးနဲ့ ချည်လိုက်မယ် ။ ပန်းတစ်ပွင့်က ထည့်သင့် မထည့်သင့် စဉ်းစားနေရတုန်း ။
ရုတ်တရက် မီးဖိုချောင်တစ်ခုလုံးမီးက လင်းထိန်သွားသည် ။
" အမလေး "
" သီဟ ဘာလုပ်နေတာလဲ "
" ဗျာ သခင်ကြီး ဟို ဟို ဘာမှမလုပ် "
" အာ ချောကလက်တွေလား "
Smile လေးမဖြစ်လို့ ပယ်ထားရတဲ့ချောကလက်အပိုင်းအစတွေကို လှမ်းကြည့်ပြီးမေးလာတဲ့ ချစ်ရသူ ။ ညဝတ်ဝမ်းဆက်လေးကိုမှ ညဝတ်အပေါ်ထပ်အရှည်ကို ထပ်ဝတ်ထားပြီး အိမ်နေရင်းဖိနပ်လေးကို စီးထားတဲ့ချစ်ရသူက တံခါးဘောင်ကိုမှီပြီး လက်ပိုက်ကာ ပြုံးစိစိနဲ့ ကိုယ့်ကို စချင်နေပုံပဲ ။
" ဟုတ် "
" သီဟ သီဟ မနက်ဖြန်အတွက် ပြင်ဆင်နေတာပေါ့လေ "
" ဟုတ် သခင်ကြီး ကျွန်တော့်ကြောင့် နိုးသွားတာလား "
" မဟုတ်ပါဘူး ရေဆင်းသောက်တာပါ "