လေဆိပ်ကိုရောက်တော့ ကားပေါ်က ဆင်းကြပြီး သားအဖ သုံးယောက် လေဆိပ်ထဲဝင်လာကြသည် ။ မဟာ အကဲခတ်တော့ မလှမ်းမကမ်းကနေ ပါလာတဲ့ ဒယ်ဒီ့တပည့်များလဲ ရှိနေသေးသည် ။
" ရောက်တာနဲ့ဖုန်းဆက်ပါ မဟာ "
" ဟုတ်ကဲ့ ဒယ်ဒီ "
" လာပါဦး မာမီ့သားလေး တစ်ခါလောက်ဖက်ရအောင် "
မဟာ ကိုယ်ကို ကိုင်းကာ အဖက်ခံလိုက်သည် ။
" မာမီတို့က သားကို ကောင်းစေချင်တာပါ "
" သားသိတယ် ထပ်ပြောစရာမလိုဘူး မာမီ "
" ကဲ ဝင်တော့လေ အချိန်ကပ်ပြီးမှ လာတော့ အခု ဝင်လို့ရနေပြီ "
" ဟုတ် သား သွားပြီ "
မဟာ လေဆိပ်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီး Luggage ကို မြဲမြဲကိုင်ကာ ဖြတ်လိုက်သည် ။
ဒယ်ဒီနဲ့မာမီ့ကို မှန်တံခါးကတစ်ဆင့်ကြည့်တော့ မဟာ့ကို လက်လှမ်းပြနေကြသည် ။ မဟာ လဲ လက်ပြန်ပြပြီး ဖယ်ရီကားပေါ်တက်ရန် သွားလိုက်သည် ။
" နှုတ်ဆက်ပါတယ် ဒယ်ဒီ နဲ့ မာမီ "
ဦးမိုးအာကာ နဲ့ ဒေါ်မေဝသန်လဲ လေဆိပ်ထဲကပြန်ထွက်ကာ ပြန်သွားကြပြီ ။ မဟာလဲ ထွက်သွားခဲ့ပြီ ။
______________________________________
" မရွှေ မင့်သားနှယ် မိုးလင်းကတည်းက တမှိုင်မှိုင်တတွေတွေ ဘယ့်နှယ့်ဖြစ်နေတုန်းမသိ "
" ရှင့်မလဲတော် ကျုပ်သား လျှောက်သွား ကစားနေတုန်းကလဲ တမျိုး သူ့ဘာသူနေတော့လဲ တမျိုး ရှင် ဘာဖြစ်နေတာတုန်း "
" မဟုတ်သေးဘူးလေ မင့်သားက ချက်ချင်းကြီး လဒ မှိုင် ထိုင် မှိုင်နေတာ အာရုံတက်ကတည်းကကွ သူဘယ်တုန်းက အဲ့အချိန်ကြီး နိုးတုန်း "
" ကျုပ်သားက လူပျိုလေး တော်ရေ တွေးစရာ တောစရာရှိမယ်ပ လိုက်ပြောမနေနဲ့ တကတည်း "
အဘနဲ့အမ ပြောသံများကို အကုန် ကြားနေရသည် ။ ဟုတ်တယ် ။ ဒီနေ့မနက်မှ လူက တစ်မျိုးကြီးဖြစ်နေတာ ကိုကိုးများတစ်ခုခုဖြစ်လားလို့တွေးချင်ပေမယ့် အဲ့လိုတွေးရင် ပိုဆိုးနိုင်သည်လေ ။ စိတ်ထဲလေးနေတာတော့ အမှန်ပဲ ။