Operations Room ဆိုတဲ့ဆိုင်းဘုတ်အောက်က တံခါးအဖြူကြီးပွင့်သွားတဲ့အသံက လောကကြီးရဲ့အဆုံးအဖြတ်ပေးမည့် အသံလိုလို ။ အထဲကထွက်လာတဲ့ ဆရာဝန်ကြီးရဲ့ဘေးကို မာမီရော မဟာပါ ရောက်သွားကြသည် ။
" လူနာ ဆုံးပါပြီ ရဲမှုခင်းဖြစ်တာကြောင့် အလောင်းခွဲစိတ်ပြီးမှ ထုတ်လို့ရပါမယ် "
မြန်မာကားတွေထဲကလို အချိန်တွေဘာတွေအတိအကျမပြောတဲ့အပြင် ဆရာဝန်ရဲ့မျက်နှာဟာလဲ ဝမ်းနည်းမှုတစ်စိုးတစ်စိမျှရှိမနေ ။ ပြောစရာရှိတာကို ပြောပြီးထွက်သွားလေရဲ့ ။ မာမီဟာ ကြမ်းပြင်ပေါ်ပစ်ကျကာ ရှိုက်ကြီးတငင်ငိုကြွေးနေပြီ ။ မဟာကရော မဟာ ဘာလုပ်ရမလဲ ။
ဘာအတွေးမှ ဝင်မလာနိုင်ခင်ဘဲ ရဲတစ်ချို့ရောက်လာကြသည် ။ ကိုမဟာအာကာလား ကျွန်တော်တို့စစ်မေးစရာတွေရှိလို့ လိုက်ခဲ့ပေးပါဆိုတဲ့စကားသံကို ခပ်သဲ့သဲ့သာကြားလိုက်ရသည် ။ ကျွန်တော်ဒယ်ဒီ့အတွက် ငိုကြွေးနေဖို့အချိန်ပင်မရလိုက် ။
" ကိုမဟာအာကာ တရားခံဘက်က ညှိနှိုင်းဖို့အတွက် .... "
" ဘာဗျ ကျုပ်က အဖေတစ်ယောက်လုံးဆုံးရှုံးထားတာ ဒါကို ဒီစကားပြောဖို့ခေါ်နိုင်သေးတာလား ခင်ဗျားတို့နားလည်သင့်တယ်လေ ခင်ဗျားတို့က ပိုက်ဆံတော်တော်မက်တာပဲ "
" ဒီမှာ ကျုပ်တို့က တာဝန်အရဗျ "
ရဲနှစ်ယောက်ရဲ့ ဘေးမှာထိုင်နေတဲ့ လူတစ်ယောက်ကို မဟာ စူးစူးရဲရဲကြည့်မိသည် ။ နည်းနည်းမှ အားနာဝမ်းနည်းဖြစ်မနေတဲ့ ထိုလူ ။ တရားခံနဲ့ဘယ်လိုပက်သက်လဲတော့ မသိ ။
" တော်စမ်းပါ ဘာတာဝန်လဲ တစ်ဖက်က ငွေပုံပေးလို့ ကျုပ်တို့ကိုလာညှိတာမသိဘူးထင်နေတာလား ဟမ် အေး ပြန်ပြောလိုက် ကျုပ်တို့က ငွေလဲမလိုဘူး ကျုပ်က သူတို့ပေးထားထက် နှစ်ဆပြန်ပေးမယ် ထောင်ထဲသာသွားပေးလို့ "
မဟာ ဆေးရုံထဲပြန်ပြေးဝင်လာလိုက်တယ် ။ လူတွေက ယုတ်မာလာကြတာ ။ တစ်နေ့တစ်နေ့ လောကကြီးက ရက်စက်လာလိုက်တာ ။
လှေကားပေါ်တက်မည်ပြုစဉ်ပဲ မာမီက ယိုင်နဲ့နဲ့ နဲ့ ဆင်းလာတယ် ။