ခွဲခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော မင်းမောင် ကို ရန်ရှင်း က ခဏခဏ ထိုင်နေဖို့လာလာပြောနေသည် ။ စိတ်ထဲမှာဘယ်လိုမှအဆင်မပြေ ။ အကို ဒီလောက်ထိအခြေအနေဆိုးနေတာကို သူဘာလို့မသိခဲ့ရတာလဲ ။ ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံး ။ ဒေါက်တာပြောသွားသလိုပါပဲ ဒေါက်တာကမှ သူ့ထက် အကို့ကိုပိုဂရုစိုက်တဲ့သူဖြစ်နိုင်တယ် ။
" သခင်လေး တစ်ခုခုစားပါလား ခွဲစိတ်မှုက နာရီနဲ့ချီပြီး ကြာဦးမှာ "
" မစားချင်ဘူး ရန်ရှင်း မင်းဘာသာသွားစား "
" ဟို ကျွန်တော်လဲ မစားနိုင်ပါဘူး ဒါပေမယ့် သခင်လေးက စားသင့်တယ် "
" မစားဘူး သီဟရော "
" အိမ်မှာပါ "
" အဆင်ပြေရဲ့လား "
" ပြေတယ်လဲ မဟုတ်ဘူးပေါ့ သူအရမ်းစိတ်ပူနေတယ် "
မင်းမောင် အနေနဲ့ သီဟက အကို့ကို ညီကိုအရင်းလို သဘောထားတယ်ပဲရိုးရိုးတွေးမိသည် ။ ဒါပေမယ့် မင်းမောင် လောက်နီးနီး စိတ်ပူကာ မျက်နှာပျက်ယွင်းနေတာကိုလဲ တွေ့ခဲ့ရသေးသည် ။ ထားပါလေ ။
အချိန်တွေ တစ်နာရီပြီးတစ်နာရီကုန်သွားတာနဲ့အမျှ စိုးရိမ်စိတ်က ပိုပိုလာရသည် ။ သွေးအိတ်တွေတစ်အိတ်ပြီးတစ်အိတ်သယ်ကာ အခန်းထဲဝင်ဝင်သွားတဲ့သူနာပြုတွေကြောင့်လဲ သွေးတိုးရသည်။
စုစုပေါင်းအချိန် ၁၀ နာရီကျော်လောက်ကြာမြင့်ပြီးမှ ဒေါက်တာတွေနဲ့သူနာပြုတွေထွက်လာကြသည် ။
" ဒေါက်တာ အကိုရော ဘယ်လိုနေသေးလဲ "
" သူ အဆင်ပြေပါတယ် လောလောဆယ် ပိုးသတ်ခန်းထဲမှာထားရမှာမို့ တွေ့လို့မရသေးဘူး "
အခုမှပဲ သက်ပြင်းချပြီး ခွဲခန်းရှေ့က ခုံပေါ်မှာ မင်းမောင် ထိုင်လိုက်မိသည် ။ ခပ်လှမ်းလှမ်း ရန်ရှင်း လဲ ထိုင်ကာ လက်ထဲကပေါင်မုန့်ကို ဖောက်စားနေလေရဲ့ ။
" ရန်ရှင်း ငါအိမ်ပြန်မယ် "
" ဗျာ "
" အိမ်ပြန်မယ်လို့ အကို့ကိုလဲတွေ့လို့မရသေးဘူးလေ အိမ်ခဏပြန်မယ် "