အခန်း (၁၀)

2.4K 299 14
                                    

သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို တစ်လလောက်အကြာ အတည်ပြုပြီးတဲ့နောက်မှာ ဘာမှ များများစားစား ပြောင်းလဲသွားပုံမပေါ်ပေ။ နေ့လည်စာစားချိန်မှာ သူတို့အတူတူစားကြတယ်။ ညဘက်တွေမှာဆို ဖုန်းထဲမှာ မက်ဆေ့ခ်ျအနည်းငယ်ပို့ကြတာကလွဲ ကျန်တာဘာမှကွဲပြားခြားနားသွားခြင်းမရှိချေ။

ရှောင်းမီ အမြဲတစေ အိမ်မက်မက်လေ့ရှိတဲ့ စိတ်ကူးယဉ်ဆန်ဆန်သာယာကြည်နူးဖွယ်အခိုက်အတန့်လေးတွေကတော့ ဘယ်သောအခါမှ ဖြစ်မလာပါ။ သူအခုလုပ်နိုင်တာလေးက‌ ဒေါ်လာ၁၀၀တန်လေးကို အသည်းနှလုံးပုံလေးခေါက်ပြီး ကြိုးပေါ်မှာ တွဲချည်ကာ သူ့လည်ပင်းပေါ်မှာ မကောင်းတဲ့အရာတွေ ကာကွယ်ပေးမယ့်‌ဆွဲကြိုးလေးလို ဆွဲထားဖို့ပင်။ သူအဲ့ဒါကို ဘယ်သွားသွား ၀တ်သွားနိုင်တယ်လေ။ သူ့အခန်းဖော်တွေကတော့ ပိုက်ဆံနဲ့ပတ်သက်ပြီး တစ်ပါးသူအပေါ် ယုံမှားသံသယ၀င်ကာ စိတ်ဖောက်ပြန်နေတာတွေ ရပ်တန်းက ရပ်ဖို့ သူ့ကို အကြံပေးလာကြပါ၏။ ပိုက်ဆံဆိုတာက မင်းအုတ်ဂူထဲထိ ယူသွားလို့မရနိုင်တဲ့အရာသာဖြစ်တယ်တဲ့!

စွန်းဟွေးက သူ့ဘေးမှ မိန်းမောတွေဝေနေတဲ့ ရှောင်းမီကို တစ်ချက်တွန်းလိုက်ကာ "ဘာတွေစဉ်းစားနေတာလဲ?"

"ဘာမှမဟုတ်ပါဘူး" ရှောင်းမီသူ့ခေါင်းသူခါယမ်းလိုက်ကာ အတွေးများနေခြင်းကို ရပ်တန့်လိုက်သည်။

ယခု ရှောင်းမီနဲ့ အခြားသူတချို့က ဆောက်လုပ်ရေးဆိုက်ထဲ ရောက်နေကြတာဖြစ်၏။ အဲ့ဒီနေရာက စွန်းဟွေးအဖေရဲ့ အလုပ်နေရာလည်း ဖြစ်သည်။ သူတို့ဒီကိုလာရခြင်းမှာ တကယ့်အပြင်မှာ အလုပ်လုပ်ပုံနည်းတွေကို ပိုမို သဘောပေါက်နားလည်လာအောင် လာရောက်လေ့လာကြည့်ကြခြင်းဖြစ်ပေ၏။ ထိုဆိုက်က အခုမှစတင်ကာစဖြစ်ပြီး တောင်တွေအများကြီးရှိနေဆဲ။ ရှောင်းမီတွေးကြည့်လိုက်သည်။ သူဘာလို့ ဒီဘာသာရပ်ကို ရွေးခဲ့မိရတာလဲ၊ ဘာလို့များ Marketingကို မရွေးမိရတာလဲနော်?!

သူတို့တွေ လုံခြုံရေးခ‌မောက်များ‌ အသီးသီးဆောင်းထားကြကာ စွန်းဟွေးအဖေဦးဆောင်တဲ့ နောက်ကိုလိုက်၍ ဆိုက်ကို ပတ်ကြည့်နေပေသည်။ ပြီးနောက် စွန်းဟွေးအဖေက စက်ပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများအကြောင်း အတိုချုပ်ရှင်းလင်းညွှန်ပြပြောကြားပေးလာ၏။ ရှောင်းမီကတော့ တစ်စက်လေးမှတောင် နားထောင်နေခြင်းမရှိ။ ဒီအတိုင်း အုပ်စုသွားတဲ့နောက် တကောက်ကောက် လျှောက်‌လိုက်နေရုံသာ။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now