အခန်း (၃၀)

1.5K 195 24
                                    

ရုတ်ချည်းဆိုသလို မိုးသည်းထန်စွာ ရွာသွန်းချလာလေသည်။ ရှောင်းမီ စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ပြတင်းပေါက်အပြင်ဘက်ဆီ ငေးမောကြည့်နေလေ၏။ ပြတင်းပေါက်မှန်ပေါ် မိုးရေစက်များ တပေါက်ပေါက်ကျနေလျက်။ ပူပြင်းတဲ့နေ့တွေမျိုးမှာဆို ဒီလို ရုတ်တရက်ကြီး မိုးရွာချလာတာက ပုံမှန်ပင်။ ခဏနေရင် စဲသွားလိမ့်မယ်။ ရှောင်းမီ သူ့မေးစေ့သူပွတ်သပ်ကာ တွေးတောနေမိ၏။ သို့ပါသော်လည်း အချိန်ကြာလာလေလေ မိုးမှာ စဲမသွားဘဲ ပိုပိုသည်းလာလေသည်။ မိုးကြိုးပါအဆစ်ပါလာလိုက်သေး! ရှောင်းမီက မိုးချုန်းတာကိုတော့ မကြောက်ပေမဲ့လည်း ဆူညံလွန်း၍ စာလုပ်ရမှာ အာရုံစိုက်မရတော့။ ထို့အတွက်ကြောင့် သူ တီဗီဖွင့်ကြည့်ရင်း မိုးစဲမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့ချေ၏။

ရုတ်တရက် သူတစ်စုံတစ်ရာကို သတိရမိပြီး စတိုခန်းထဲ အပြေးသွားကာ ထီးကိုဆွဲယူလိုက်ရင်း အိမ်အပြင်သို့ အပြေးအလွှား ထွက်လာခဲ့တော့သည်။ သူ ယန်ယန်ရဲ့ရုံးခန်း‌ဆီသို့ အမောတကာနဲ့ ပြေးသွားပြီး တံခါးတွန်းဖွင့်ကာ ယန်ယန်ကို ဖားယားရန် ကြိုးစားတော့၏။

"ယန်~ ငါမင်းအတွက် ထီးယူလာပေးတယ်! မင်းရင်ထဲ အရမ်းထိရှသွားပြီမလား? ငါ့ကို ချစ်ပေးရတာ တန်တယ်လို့ ခံစားသွားရပြီမလားဟင်?"

ရှောင်းမီကို အပေါ်အောက် တစ်ချက်ကြည့်လိုက်တော့ အ၀တ်အစားများမှာ မိုးရေတွေ ရွှဲရွှဲစိုနေလျက် ကြွက်စုတ်လေးလိုပင်။ ယန်ယန် မျက်မှောင်ကြုတ်လိုက်ကာ

"ငါကားမောင်းပြန်တာ ထီးမလိုဘူး၊ ဒါမဲ့ မင်းက ထီးတစ်ချောင်းလုံးကိုင်လာပြီး ကြွက်စုတ်ရေနစ်ထားတဲ့ပုံ ဖြစ်နေရတာလဲ?"

ထိုသို့ပြောပြီးနောက် ဆက်သွယ်ရေးခလုတ်ကို နှိပ်လိုက်တဲ့အခါ ရှန့်ချင်း ရုံးခန်းထဲသို့ ဝင်လာလေသည်။ ရှောင်းမီ စဉ်းစားနေမိ၏။ ဒီမိန်းကလေးရဲ့အ၀တ်အစားက ဘာကြောင့်  တိုသထက်ပိုတိုလာရတာလဲဟ?

"သူဌေး ဘာခိုင်းစရာရှိလဲ?"

"တဘက်တစ်ထည်ယူလာပေး"

"ဟုတ်ကဲ့ပါ"

မကြာလိုက်ပါ၊ ရှန့်ချင်း မျက်နှာသုတ်ပုဝါတစ်ထည်ယူလာကာ ယန်ယန်နား လျှောက်လာ၍ သုတ်ပုဝါကမ်းပေးလိုက်လေသည်။ ယန်ယန်လှမ်းယူလိုက်ပြီး‌ ရှောင်းမီမျက်နှာဆီသို့ ပစ်ပေးလိုက်လေရာ တဘက်တစ်ထည်လုံးက ရှောင်းမီခေါင်းတစ်ခုလုံး ဖုံးအုပ်သွားလျက်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now