အခန်း (၆၂)

1.2K 186 61
                                    

ရှောင်းမီ ယန်ယန်ကုမ္ပဏီမှ တံဆိပ်တုံးအကူအညီဖြင့် အလုပ်သင်ဘ၀ ချောချောမွေ့မွေ့စတင်ရန် လမ်းပွင့်နေပြီဖြစ်သော်လည်း သူ အခုထက်ထိ ဘာဆိုဘာမှ အကောင်အထည်‌မဖော်နိုင်သေးပါချေ။  မနေ့က သူ ယန်ယန်ကို လေလုံးကြီးခဲ့သမျှစကားတွေအကုန် ဖမ်းလို့မမိ လေထဲ မျောလွင့်ပျောက်ကွယ်သွားပြီဖြစ်ကာ လက်ရှိမှာတော့ အိမ်ရှိ ဆိုဖာပေါ်မှာ ထိုင်ပြီး ခြေတစ်ဖက်ကို ဟန်ပါပါချိတ်ထားလျက် တီဗီကြည့်နေတော့သည်။ စုရှောင်းမီဆိုသည်မှာ ကတိကို လွယ်လွယ်နဲ့ပေးတတ်ပြီး ဘယ်သောအခါမှ ကတိတည်တတ်တဲ့သူမျိုး မဟုတ်ပါပေ။

ယန်ယန် အိမ်ထဲ၀င်လာတော့ ရှောင်းမီတစ်ယောက် ဆိုဖာပေါ် ထိုင်ကာ အခန့်သား ဇိမ်ကျနေတဲ့မြင်ကွင်းကို မြင်တာတောင်မှ ဘာမှ မတုံ့ပြန်လာချေ။ အကြောင်းမှာမူ မနေ့က ကုမ္ပဏီမှာ အချိန်ပိုဆင်းရပြီး တစ်ညလုံး မအိပ်ခဲ့ရတော့ သူ့မျက်လုံးများ ကျိန်းစပ်ပြီး နည်းနည်းရောင်နေသလို ခံစားရကာ မသက်မသာဖြစ်နေရတဲ့အတွက်ကြောင့်ပါပင်။ ယန်ယန်ရဲ့မျက်သားများ အတော်လေး နီရဲနေတာကို တွေ့တော့ ရှောင်းမီ ဆိုဖာပေါ်မှ ကမန်းကတန်းခုန်ဆင်းလာကာ

"ယန်! ဘာဖြစ်လို့လဲဟင်?"

"ဘာမှ မ​ဟုတ်ဘူး၊ မျက်လုံး နည်းနည်းရောင်နေလို့"

ဒီတစ်ကြိမ်မှာတော့ ရှောင်းမီ အိမ်ကြီးရှင်တစ်ယောက်လို ခါးပေါ် လက်တစ်ဖက်ထောက်လျက် ယန်ယန်အား လက်ချာစရိုက်တော့သည်။

"ငါမင်းကို ပြောပြောနေတာ ဘယ်နှကြိမ်ရှိပြီလဲ?! မင်း နေ့တိုင်း တီဗီကြည့်လိုက်၊ ကွန်ပျူတာဂိမ်းတွေ ဆော့လိုက်၊ မဟုတ်ရင်လည်း စာအုပ်တွေ စာရွက်စာတမ်းတွေ ထိုင်ဖတ်နေတာနဲ့၊ ငါပြောမယ်... အဲ့လိုလုပ်မှတော့ မင်းမျက်လုံးက ဘယ်ခံနိုင်ပါတော့မလဲ? ငါ့စကားကိုကျ နားမထောင်ဘူး၊ ဒီမှာကြည့်! ငါ့မျက်လုံးဆို ဘယ်လောက်တောင်မှ ကောင်းလိုက်သလဲဆိုတာ၊ ဒါမျိုးမှ ကြည်ရှင်းတောက်ပပြီး တလက်လက်ထနေတဲ့မျက်လုံးလို့ ခေါ်တယ်ကွ!"

ယန်ယန် ရှောင်းမီအား စိုက်ကြည့်လာကာ

"စကားကို သတိထားပြောလိုက်စမ်း"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now