အခန်း (၅၀)

1.3K 176 19
                                    

ဆိုင်တိုင်းလိုလို ခရစ္စမတ်သီချင်းသံများ ပျံ့လွင့်နေလျက်။ တံခါးများတွင် အလှဆင်မီးကြိုးများ ချိတ်ဆွဲထားကာ မီးရောင်များက မှိတ်တုံ့မှိတ်တုံ့ဖြင့် လင်းထိန်နေသည်။ ဆိုင်အပြင်ဘက်မှာ အလုပ်လုပ်နေတဲ့ ဆန်တာဘိုးဘိုးကြီးကလည်း ပြုံးလို့ရွှင်လို့ပင်။

စုရှောင်းမီ လမ်းမထက် တစ်ယောက်တည်း ယောင်ပေပေနဲ့ အချိန်အတော်ကြာ လှည့်ပတ်ကာ လျှောက်သွားနေသည်။ သူ့ကိုယ်တိုင်လည်း ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းတောင် မသိပါချေ။ ရာသီဥတုက အေးသထက်အေးလာရာ ရှောင်းမီ သူ့အ၀တ်အစားကိုသူ တင်းတင်းကြပ်ကြပ်ထွေးပတ်ထားလိုက်၏။ သူ့ကိုယ်ပေါ်မှာ ပိုက်ဆံတစ်ပြားမှ မပါလာချေ။ လက်ကိုင်ဖုန်းမှာလည်း ဘက်ထရီကုန်သွားပြီဖြစ်သည်။ ဒီပုံအတိုင်းသာဆို ယန်ယန်က သူ့ကို သေချာပေါက် လိုက်ရှာနေမှာဖြစ်ကာ တွေ့ရင်လည်း ထပ်အဆူခံရအုံးပေမည်။

ဒီတစ်ခါတော့ ငါ့အမှားကို အရင် ၀န်ခံမှာ မဟုတ်ဘူး။

ရှောင်းမီ ရှော့ပင်းမောလ်ထဲကို ၀င်သွားတော့မှ အတော်လေး နွေး‌နွေးထွေးထွေး ရှိသွားရ၏။ ကုန်တိုက်ထဲက လူတိုင်းလိုလို ပြုံးပျော်နေကြတဲ့မျက်နှာအမူအရာအသီးသီးကို မြင်လိုက်ရတော့ သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ကြည့်ရင်း ဒါ သူ အစတုန်းက တွေးထားခဲ့သလို ခရစ္စမတ်နဲ့ မတူဘဲ အရမ်း ကွာခြားနေသည်။ ဘယ်နေရာကများ မှားယွင်းသွားရတာလဲ? ဒါတကယ်ကြီး သူ့ကြောင့်ပဲလား? ဒီတစ်ခါလည်း သူ့ကြောင့်ပဲ ဖြစ်ရတာလား? တစ်ဇွတ်ထိုးလုပ်တတ်တဲ့ သူ့ကြောင့်လား? 

'စုရှောင်းမီ!!! မင်းရူးနေလားဟမ်?!'

ယန်ယန် သူ့အပေါ် ထိုသို့ ကြိမ်းမောင်းပြောဆိုခဲ့တာကို ပြန်စဉ်းစားမိလိုက်တာနဲ့ ရှောင်းမီ သူ့အောက်နှုတ်ခမ်းသားကို ခပ်တင်းတင်းကိုက်ခဲလိုက်မိသည်။ နှလုံးသားတစ်ခုလုံး တင်းကြပ်အောင့်သက်ကာ နာကျင်ရလျက်။

အပြင်ဘက်တွင် တဖြည်းဖြည်းနဲ့ ကောင်းကင်ယံတစ်ခွင် မှောင်မဲစပြုလာချေပြီ။ ရှောင်းမီ မြေညီထပ်ကနေ အပေါ်ထပ်အထိ ကုန်တိုက်ကို လှည့်ပတ်ကြည့်နေသည်။ ထို့နောက် တစ်ဖန် အပေါ်ထပ်မှ အောက်ထပ်သို့ ပြန်ဆင်း၏။ ကုန်တိုက်ပိတ်ခါနီးအချိန်အထိ သူ ထပ်ခါတလဲလဲ တက်လိုက်ဆင်းလိုက်လုပ်နေမိသည်။ ထို့နောက် သူ မောလ်ထဲမှ ပြန်ထွက်လာတော့၏။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now