အခန်း (၅၈)

1.3K 197 32
                                    

နောက်ဆုံးတော့ အဖွားမှာ အိမ်နီးနားချင်းတွေဆီကပဲ ကုတင်တစ်လုံးငှားပေးလိုက်ရပြီး နှစ်ယောက်သား အဲဒီအိပ်ခန်းထဲမှာ လေးရက်တိုင်တိုင် အိပ်စက်ခဲ့ကြသည်။ ထို့နောက် သူတို့ပြန်ရမဲ့ရက်ရောက်လာပြီဖြစ်၏။ ရှောင်းမီအနေနဲ့ သူတို့ ဒီမှာ ခဏတာဖြတ်သန်းခဲ့ရတဲ့လှပကြည်နူးစရာနေ့ရက်လေးများအား ချန်ထားခဲ့ရန် စိတ်ထဲ ၀န်လေးနေမိသည်။ ဘတ်စ်ကားစောင့်နေစဉ် ရှောင်းမီက ယန်ယန်နားကပ်ကာ တိုးတိုးလေး ပြောလာ၏။

"ယန်~ ငါတို့  ဒီမှာ နောက်‌ထပ်လေးရက်လောက် ထပ်နေလို့မရဘူးလားဟင်? ဒီလို သာယာလှပတဲ့သုခဘုံလေးမှာ ငါ့အတွက် နေရတာ မလုံလောက်သေးဘူး"

"ဒီလိုမျိုး ငှက်တွေတောင် ဥလာမဥတဲ့နေရာကို သုခဘုံလို့ခေါ်တာလား?"

"မင်းနဲ့စကားပြောရဆိုရခက်လိုက်တာ၊ ငါတကယ် သည်းမခံနိုင်တော့ဘူး!"

သို့ပေမယ့်လည်း ရှောင်းမီ အိမ်ပြန်ရောက်တာနဲ့ အဆိုပါသုခဘုံလေးအား အမြန်ပင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့တော့သည်။ အကြောင်းမှာမူ ကျူ့ကန်းတို့အုပ်စုမှ ရှောင်းမီအား ညတိုင်းလိုလို အပြင်ထွက်လည်ဖို့ ခေါ်သွားတာကြောင့်ပါပေ။ စုရှောင်းမီစာလေ့လာနေရတဲ့အချိန်တုန်းက ယန်ယန်မှ စည်းကမ်းတင်းကြပ်ထားကာ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တာမို့ ထိုအုပ်စုမှာ အပြင်ထွက်ဖို့ မခေါ်ရဲကြချေ။ အခုတော့ ဆောင်းရာသီအားလပ်ရက်အတွင်း ရှောင်းမီ သူ့အိမ်မှာ ရှိနေတာကြောင့်သာ သူတို့‌ မကြောက်မရွံ့နဲ့ ခေါ်ရဲကြခြင်းဖြစ်သည်။

ရှောင်းမီကိုယ်တိုင်ကလည်း သူတို့နဲ့မထူးမခြားနားပါပေ။ ထိုအုပ်စုနဲ့ အပြင်ထွက်လျှောက်မလည်ရတာ အတော်ကြာပြီဖြစ်ရာ ရှောင်းမီ သတ္တိတွေ အရမ်းရှိနေ၏။ ညတိုင်း အသားကင်သွားစားလိုက်ကြ၊ ကိုးရီးယားသီချင်းတွေ သွားဆိုလိုက်ကြနဲ့ အရမ်းကိုမှ ပျော်မြူးနေတော့သည်။

ထိုည ရှောင်းမီ ကျူ့ကန်းတို့အုပ်စုနဲ့ အပီအပြင် မိုက်ခဲနေတုန်းမှာပဲ ဖုန်းမြည်လာသံကြားလိုက်ရ၏။ ရှောင်းမီ ခေါ်ဆိုသူအမည်ကို ကြည့်လိုက်ရာ ယန်ယန်လို့မြင်လိုက်တော့ သူအမြန် တိတ်ဆိတ်နေတဲ့သန့်စင်ခန်းထဲ ပြေးပုန်းကာ ဖုန်းပြန်ဖြေလိုက်သည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now