အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး

2.5K 367 8
                                    

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬

Translator - ME

အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး

နတ်ဒေဝါဦးတည်နယ်ပယ် ကျွမ်းကျင်အဆင့် ကျင့်ကြံသူ၏ ဈာန်ဖြင့်ပျံနိုင်သည့် အရှိန်အဟုန်မှာ လွန်စွာမြန်သည်။ သို့ပေသိ၊ ပျံသန်းနိုင်သော စီးတော်ယာဉ်သတ္တဝါထက်တော့ မမြန်နိုင်ပေ။ ထိုမျှမက ကျင့်ကြံသူတစ်ယောက် အလွတ်ပျံနိုင်ရန်အတွက် ချီစွမ်းအားကိုထုတ်သုံးရသေးသည်။ ပျံနိုင်သော သတ္တဝါကို ကျောအောင် ပျံနိုင်ဖို့ဆိုလျှင် ဝိညာဉ်အမီဖမ်း ခြေမြန်ကွက်ကဲ့သို့ ကိုယ်ဖော့နတ်သိုင်းမျိုး တတ်ထားရန် လို၏။ သို့သော် ထိုနတ်သိုင်းများက ပို၍ အတွင်းအားကုန်ခမ်းစေသည်။ ထို့ကြောင့် ခရီးသွားလာရန်အတွက် သုံးရန် မသင့်ပေ။

ရှောင်ယွမ်အာသည် မှော်နတ်ခြင်္သေ့ကျောပေါ်သို့ စိတ်တထင့်ထင့်ဖြင့် ခုန်တက်လိုက်သည်။ သို့သော် ချက်ချင်းပင် အနှီသတ္တဝါ၏ နူးညံ့သော သားမွှေးတောင်မွှေးများနှင့် ရောင်ပြန်ဖျော့ဖျော့လင်းနေသော ဦးချိုများကြောင့် အံ့သြမင်သက်နေရလေသည်။

စီးတော်အဖြစ် အသုံးချနိုင်သော သတ္တဝါအမျိုးမျိုး ရှိသည်။ သာမန် သားရဲသတ္တဝါများမှာ သိပ်မမြန်၊ ပစ္စည်းအလေးအပင် သယ်ပိုးရန်၊ လှည်းဆွဲရန်သာ ပို၍ သင့်တော်သည်။ အခြားတစ်ဖက်မှာကား၊ အဆင့်မြင့်သားရဲသတ္တဝါများ ရှိသေးသည်။ ၎င်းတို့ကိုမူ ချမ်းသာကြွယ်ဝ၍ သြဇာကြီးသော အိမ်တော်ကြီးများ၊ မျိုးနွယ်စုကြီးများက အသုံးပြုကြ၏။ ကျန် အမျိုးအစားများမှာတော့ အံ့ဖွယ်သားရဲများနှင့် ဒဏ္ဍာရီလာ သားရဲများဖြစ်ကြလေသည်။ 

ကျင့်ကြံသူ အများစုအတွက်၊ မှော်နတ်ခြင်္သေ့ကဲ့သို့ ဒဏ္ဍာရီလာ သတ္တဝါမျိုးကို ဖမ်းဆီးနိုင်ပြီး ယဉ်ပါးစေနိုင်လျှင်ပင် သြဘာကျူးရင့်ထိုက်သော အောင်မြင်မှုကြီးတစ်ရပ်ဟု မှတ်ကျောက်တင်စရာဖြစ်နေသည်။ စီးတော်အဖြစ် အသုံးချနိုင်မည်ဆိုလျှင် သာ၍ပင် အံ့ချီးစဖွယ်ဖြစ်စ။

ကျင့်ကြံခြင်းလောက၌ ဆိုရိုးစမှတ်ရှိကြသည်။ 'မွေးကတည်းက ဒဏ္ဍာရီလာ သားရဲစီးတော်ယာဉ် မပိုင်လျှင် တစ်သက်တွင် ပိုင်နိုင်တော့မည် မဟုတ်'ဟူ၍။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now