၄၉

2.2K 377 2
                                    

နောက်ဆုံးဖိုင်ကို ကိုင်တွယ်ပြီးနောက်တွင် နေ့ခင်း လေးနာရီထိုးသွားပြီဖြစ်သည်။ ဟော်ယွန်ချန်းက သူ၏လည်ပင်းကို အနည်းငယ်လှုပ်ရှားပြီးနောက်တွင် ယွမ့်ထန်းကိုကြည့်လိုက်၏။ ထိုအခါ ယွမ့်ထန်း၏တောက်ပသော မျက်ဝန်းများနှင့် ဆုံသွားသည်။
"ဘာလဲ"
သူ မသက်မသာဖြစ်သွားပြီး နားရွက်များပင် နီရဲသွား၏။
"စောင့်ရတာ ပင်ပန်းသွားပြီလား"
ယွမ့်ထန်းက ခေါင်းခါသည်။
"မဟုတ်ပါဘူး၊ ချန်းကောက အရမ်းခန့်ညားတာလို့ ရုတ်တရက် သတိထားမိသွားလို့ပါ"
ထိုစကားကို ကြားသောအခါ သူ မျက်လုံးပြူးသွားတော့သည်။ ရှက်ရွံ့စွာနီရဲနေသော နားရွက်ဖျားထိပ်က တဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့ကာ မျက်နှာတစ်ခုလုံးနီးပါး ပျံ့နှံ့သွား၏။ လည်ပင်းအထိပင် နီရဲသွားသည်။
"မင်း  မင်းလည်းကြည့်ကောင်းလွန်းပါတယ်"
လုပ်လက်စအလုပ်များကို ရပ်ပြီးနောက် ဟော်ယွန်ချန်းက ယွမ့်ထန်းကိုခေါ်ပြီး ယွမ့်ထန်း၏အိမ်သို့သွား၏။ သူနှင့်ဟော်ယွန်ရီတို့ မကြိုက်နှစ်သက်သည့်စားစရာများ ရှိသလောဟု မေးမြန်းခဲ့သော်လည်း ဟော်ယွန်ချန်းက သူတို့က အစားရွေးသူမဟုတ်ကြောင်း ပြောခဲ့သည်။ ရလဒ်အနေဖြင့်ယွမ့်ထန်းက ပုံမှန်ဟော့ပေါ့တွင် လိုအပ်သည့်ပါဝင်ပစ္စည်းများကိုသာ မှာလိုက်သည်။ ပါဝင်ပစ္စည်းများက သူ အိမ်မရောက်ခင်ကတည်းက ရောက်နေခဲ့ပြီး ရှောင်ပိုင်ကလည်း ကူညီကာ လက်ခံထားပေးသည်။ သူတို့အိမ်ရောက်သည်နှင့် ယွမ့်ထန်းက စတင်ချက်ပြုတ်နိုင်သည်။ သူတို့နှစ်ယောက်လုံးက တံခါးသို့ဝင်ကာစအချိန်တွင်ပင် ဟော်ယွန်ရီက ကားဖွင့်ပြီး အလောတကြီးရောက်လာကြောင်း မြင်လိုက်ရ၏။
"ရှောင်ထန်း မင်းပြောထားတဲ့ပစ္စည်းတွေ ကိုယူလာတယ်"
ဟော်ယွန်ရီက ပုံစံအမျိုးမျိုးရှိသည့် အိတ်ကြီးအိတ်ငယ်အချို့ကို သယ်လာသည်။ ထိုပစ္စည်းများအားလုံးကို နေ့ခင်းကမှ ယွမ့်ထန်းက မေးမြန်းထားခဲ့ခြင်းဖြစ်၏။ ဟော့ပေါ့အတွက် သီးသန့်ထုတ်ထားသည့် အိုးအပြင် တို့ဖူးပျော့၊ တို့ဖူးမာနှင့် အလားတူပဲကုန်ကြမ်းများပါလာ၏။ စားစရာ၏ဆွဲဆောင်မှုအောက်တွင် ဟော်ယွန်ရီက အလွန်စိတ်အားထက်သန်ကာဖြစ်လာနိုင်သည့် အလားအလာပေါင်းများစွာကို တွေးတောခဲ့ပြီး ပစ္စည်းပေါင်းများစွာကို ထုတ်လွှတ်နိုင်ခဲ့သည်။ သူက ရုတ်တရက် ပါဝင်ပစ္စည်းများစွာ အသစ်ထုတ်လုပ်ရခြင်းက လွယ်ကူလွန်းသည်ဟု ခံစားလိုက်ရသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဟော်"
ယွမ့်ထန်းက သူ့ကို နှုတ်ဆက်ပြီးနောက်တွင် ပစ္စည်းများအားလုံးကို ယူသည်။
"ခဏလောက်စောင့်နေကြပါအုံး ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ချင်သေးတယ်၊ တကယ်လို့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မပါချင်ဘူးဆိုရင်တော ့မီးဖိုခန်းထဲမှာ လာမနေပါနဲ့"
"ကောင်းပြီ"
နှစ်ယောက်လုံးကလည်း နားလည်ကာသဘောတူကြသည်။ ယွမ့်ထန်းက အိတ်များကိုသယ်လျက် ပျော်ရွှင်စွာဖြင့် မီးဖိုခန်းထဲသို့ ဝင်သွား၏။ ထို့နောက် စတင်ကာ တိုက်ရိုက်ထုတ်လွှင့်၏။ သူက သည်မနက်က တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ခဲ့သည့်အတွက် ညနေဘက်တွင်ပါ မလုပ်လျှင် အားလုံးက စိုးရိမ်စိတ်ဖြင့် ခုန်ပေါက်နေလောက်ချေပြီ။ ထို့အပြင် သူ ဟော့ပေါ့လုပ်ပြမည်ဟု ပြောထားသည့်အတွက် တစ်ခါတည်းလုပ်ပြလိုက်သည်က ကောင်းသည်ဟု ထင်၏။
သူ၏တိုက်ခန်းအတွင်းတွင် ဧည့်သည်များရှိနေသည့်အတွက် ယခင်နည်းတူ သူ၏လှုပ်ရှားမှုတိုင်းအပြင် မီးဖိုခန်းတစ်ခုလုံးကို ခြုံမြင်နိုင်သည့် တိုက်ရိုက်ထုတ်လွှင့်မှု မှန်ဘီလူးများကို တပ်ဆင်ရမည့်အစား နေရာတစ်ခုတည်းကိုသာ ချိန်ရွယ်ထားသော တိုက်ရိုက်ထုတ်လွှင့်မှု မှန်ဘီလူးကို တပ်ဆင်လိုက်သည်။ သည်နည်းအားဖြင့် သူရှိရာ ဝန်းကျင်တစ်လျှောက်ကိုသာမြင်ရမည်ဖြစ်သည်။ သူက တိုက်ရိုက်ထုတ်လွှင့်ရန် ခလုတ်ကိုစနှိပ်လိုက်ချိန်တွင် သူ့အား ဖော်လိုးလုပ်ထားသူတိုင်းက အသိပေး အကြောင်းကြားချက်ကို ရရှိကြသဖြင့် အလျင်စလိုဝင်လာကြသည်။ သူတို့ ဝင်ရောက်လာသည်နှင့် ရုတ်တရက် သည်နေ့တိုက်ရိုက်ထုတ်လွှင့်မှုက အတန်ငယ်ကွာခြားသွားကြောင်း မြင်လိုက်ရ၏။
[မြောင်မြောင်က တင်ဆက်သူ ချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် .. ဒီနေ့ ရုတ်တရက်ကြီး တိုက်ရိုက်ထုတ်လွှင့်ပါလား၊ ကံကောင်းတာက ငါ အမြဲတမ်းသတိပေးချက်ကို အာရုံစိုက်နေခဲ့မိလို့ပဲ၊ ဝါး အရမ်းချောတဲ့ကောင်လေး ဘယ်က ရောက်လာတာလဲ]
[သစ်ပင်ဖက်ပဲမနေနိုင်ဘူး .. တင်ဆက်သူက တစ်နေ့လုံး တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်တော့ အရင်အဟောင်းတွေပဲ ပြန်ကြည့်ပြီး ကျေနပ်ဖို့လုပ်နေခဲ့ရတာ မမျှော်လင့်ထားဘဲ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက စတင်လာပြီ]
[မန်ပိုပို .. ဒါက ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက နည်းနည်းကွာခြားနေသလိုပဲ၊ ဘာလို့ တင်ဆက်သူရဲ့မျက်နှာကို မြင်နေရတာလဲ]
[အလျား .. အပေါ်က ကွန့်မန့်မန့်တဲ့တစ်ယောက်  မင်းတင်မဟုတ်ပါဘူး၊ ငါလည်း မြင်နေရတယ်(အလွန်လန့်သွားသော အီမိုဂျီ)]
ယွမ့်ထန်းက ပြုံးကာပြောသည်။
"ဒီနေ့ကစပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ နည်းလမ်းပုံစံကိုကို ပြောင်သွားတော့မှာပါ၊ ဒါကြောင့် ကိုယ့်ရဲ့မျက်နှာကိုမြင်နေရတာပါပဲ"
ထိုချက်တင်တစ်ခုလုံးက တစ်ခဏခန့် ငြိမ်သက်ပြီးနောက်တွင် ပွက်လောရိုက်လာတော့သည်။
[ချီကျို့မော့ရန် .. ဘုရားရေ တင်ဆက်သူက ချောလိုက်တာ၊ အရမ်းအရမ်းကို ကြည့်ကောင်းလွန်းတယ်]
[ပျံလွှားငှက်တွေ ပျံသန်းကုန်ပြီ .. တင်ဆက်သူ နောက်ဆုံးတော့ နောက်ခံကိုတရားဝင် ထုတ်ဖော်လိုက်ပြီပဲ၊ ဘယ်တော့များ လက်ထပ်ပွဲအတွက် ကြေညာချင်လဲ(သရေကျနေသော အီမိုဂျီ)]
[ဆားစိမ်ငါးကလည်း သာမန်ငါးပါပဲ .. စတားနက်ဝေါ့ပေါ်မှာ တင်ဆက်သူရဲ့ပုံကို မြင်ခဲ့ရတုန်းက သူက ချောမှန်း ငါ သိထားခဲ့ပေမယ့် ဒီလောက်ကြီးအထိ ချောနေမယ့်လို့ မထင်ထားခဲ့ဘူး၊ ငါ ဒူးထောက်တောင်းပန်ပါတယ်၊ သူက အရမ်းကြည့်ကောင်းလွန်းတယ်]
[ဆာကူရာ နွေဦး .. အား ဒါက တကယ်ကို ရုပ်ရှင်ဧကရာဇ်ပဲ၊ ရုပ်ရှင်ဧကရာဇ်ယွမ့်က အရင်ကထက်တောင် ပိုချောလာတယ်လို့ ခံစားမိလိုက်တာလဲ]
[ချေ့လန် .. ဝိုး ယွမ့်ယွမ့် အရင်လိုသရုပ်မဆောင်တော့ဘူးလား၊ ဒီရုပ်ရှင်ပရိတ်သတ်က အရမ်းဝမ်းနည်းနေပါပြီ]
မည်သို့ပင်ဆိုစေ သူက မူလပိုင်ရှင်မဟုတ်ချေ။ သူ့တွင် ပြောင်မြောက်သော သရုပ်ဆောင်စွမ်းရည်များ မရှိသည့်အပြင် သရုပ်ဆောင်ရခြင်းကိုလည်း မနှစ်သက်ချေ။ ထို့ကြောင့် ဖျော်ဖြေရေးလောကထဲသို့ ပြန်ဝင်ရန်မဖြစ်နိုင်ချေ။ သည်ပရိတ်သတ်များကို မျှော်လင့်ချက်ပေးနေမည့်အစား တိုက်ရိုက်ရှင်းပြလိုက်ခြင်းက ပိုကောင်း၏။ အစောပိုင်းကတည်းက ဖြတ်တောက်လိုက်ခြင်းက ကြာရှည်အချိန်ဆွဲထားခြင်းထက်ပို၍ အနာသက်သာပေလိမ့်မည်။
ယွမ့်ထန်းကလည်း ထိုလူများအားလုံးက ရှေ့ဆက်လျှောက်နိုင်မည့် အချို့အကြောင်းအရာများကို ချန်ထားရစ်ခဲ့ရန်မျှော်လင့်၏။ သည်နည်းအားဖြင့် သူတို့ အိုင်ဒေါအသစ်များကို ရှာဖွေနိုင်ရန်မျှော်လင့်သည်။
[ထရန်စပါးရပ်လေး .. ပြောရရင် ဘာမှ မှားတယ်လို့ ငါ မထင်ဘူး၊ ငါ့ရဲ့အိုင်ဒေါ ဒီလိုမျိုးချက်ပြနေတာကို နေ့တိုင်းမြင်နေရတာနဲ့တင် အပျော်ရွှင်ဆုံးကိစ္စဖြစ်နေပြီလေ]
[ညလယ်ခေါင်ကြီး ရေထသောက်နေတဲ့ငါ .. ဟုတ်တယ်၊ ဒါလည်းမှန်တာပဲ၊ တင်ဆက်သူ ကြိုးစားထားပါ]
ကြည့်ရှုနေသူများ၏ နားလည်သဘောပေါက်စွာ ထောက်ပံ့ပေးလာသည့် ကောင်းသောမှတ်ချက်များကို မြင်ချိန်တွင် ယွမ့်ထန်းက ပြုံးလိုက်သည်။ သူက ပုံမှန်အတိုင်း မိတ်ဆက်လိုက်၏။
"ဟယ်လို အားလုံးပဲ ကိုယ်ကတော့ မင်းတို့ရဲ့တင်ဆက်သူ ယွမ့်ထန်းပါ၊ ဒီနေ့ ကိုယ်က အရသာရှိတဲ့ဟော့ပေါ့ကို ယူဆောင်ပြမှာပါ"
[ချင်ရဲ့ဝန်ထုပ်ဝန်ပိုးကို တောင့်မခံနိုင်ဘူး .. ဒါက အရင်တစ်ခေါက်က တင်ဆက်သူပြောသွားတဲ့ ဟော့ပေါ့ဆိုတာလား၊ လူအများကြီးနဲ့ ပေါင်းဖွဲ့စားလို့ရတဲ့ အရမ်းအရသာရှိတယ်ဆိုတဲ့တစ်ခုလေ]
[မီးခိုးမိုး .. ဟော့ပေါ့ဆိုတဲ့နာမည်က ထူးဆန်းနေသလိုပဲ၊ ငါ တကယ်စားကြည့်ချင်နေပြီ]
[မော့ကာ .. ငါ ဒါကိုစောင့်နေတာကြာပြီ(တောက်ပနေသော မျက်ဝန်းအီမိုဂျီ)]
ဟော့ပေါ့အတွက် ပြင်ဆင်စရာကများသည်။ ထို့ကြောင့် ယွမ့်ထန်းက စတင်တိုက်ရိုက်ထုတ်လွှင့်လိုက်သည်နှင့်သူ အလုပ်များသွားတော့သည်။ ကြည့်ရှုသူများက ဟော့ပေါ့ကို အလွန်သိချင်စိတ်ပြင်းပြနေကြောင်း မြင်သောအခါ မနေနိုင်ဘဲ ရှားပါးစွာပြုံးလိုက်၏။ ဒါကပင် ကြည့်ရှုသူများအားလုံးထံမှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို ထွက်ပေါ်လာစေသည်။
[အေပရီလရဲ့ သိုးမွှေးလည်ပင်းထောင့်က အမွှေးလေးတွေက လည်ပင်းကို ပွတ်သပ်ကျီစယ်လာပြီ .. တင်ဆက်သူ တင်ဆက်သူ ဟော့ပေါ့ဆိုတာ ဘာကိုဆိုလိုတာလဲ]
"ဟော့ပေါ့ဆိုတာက အိုးတစ်ခုတည်းမှာ ပါဝင်ပစ္စည်းတွေကိုထည့်ပြီး ချက်ရတဲ့ဟင်းလျာတစ်မျိုးပဲ၊ ကိုယ်တို့က အထဲမှာ ဟင်းချိုကိုတစ်ခါတည်း အပူပေးနိုင်သလို ပါဝင်ပစ္စည်းတွေကိုလည်း ဟင်းချိုထဲကိုနှစ်ပြီး အချိန်တိုအတွင်းမှာ ပြုတ်ပြီးတာနဲ့ စားသောက်လို့ရတယ်"
ထိုသို့ပြောပြီးနောက်တွင် သူက ဟော်ယွန်ရီ သူ့ကိုယခုလေးတင်ပေးလာသော ကြိုတင်ပြင်ဆင်ထားသည့်အိုးကို ထုတ်ပြသည်။ အိုး၏အလယ်တွင် အကန့်ကန့်ထားခဲ့ခြင်းက အရသာနှစ်မျိုးရှိမည့်ဟင်းရည်ကို လုပ်နိုင်ကြောင်းပြသလာ၏။
"မတူကွဲပြားတဲ့လူတွေမှာ မတူကွဲပြားတဲ့သဘောကျတဲ့ အရသာမျိုးတွေ ရှိကြတယ်၊ ဒီတော့ ကိုယ်က ဟော့ပေါ့အတွက် သီးသန့်ပြင်ဆင်ထားတဲ့ ဒီအိုးကို အသုံးပြုပြမှာဖြစ်ပါတယ်၊ တစ်ဖက်ခြမ်းကိုတော့ အစပ်မပါတဲ့ ဟင်းချိုအဖြူရည်သက်သက်ကိုလုပ်ပြီး အခြားတစ်ဖက်မှာတော့ နီရဲနေတဲ့ ဟင်းချိုအစပ်ကို လုပ်ပြသွားမှာပါ"
ပြောရလျှင် သူထိုသို့ နှစ်ကန့်ပါသော ဟော့ပေါ့အိုးကို ရွေးချယ်ခဲ့သည့် အကြောင်းအရာက ဟော်ယွန်ချန်းနှင့်ဟော်ယွန်ရီတို့က သဘောကျသည့်အရသာ မတူညီသောကြောင့်ဖြစ်သည်။ ဟော်ယွန်ချန်းက အစပ်ကြိုက်ပြီး ဟော်ယွန်ရီက မစားနိုင်ချေ။ ထို့ကြောင့် ဟော်ယွန်ရီကိုသာ အကူအညီတောင်း၍ ထိုသို့ လုပ်ခိုင်းလိုက်ရသည်။ သည်နည်းအားဖြင့် တစ်အိုးထဲတွင် အချိုအရသာနှင့်အစပ်အရသာကို တစ်ခါတည်းလုပ်နိုင်လျှင် နှစ်ယောက်လုံးအတွက် အဆင်ပြေသွားမည်ဖြစ်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now