၆၃

1.7K 321 2
                                    

အပိုင်း ၆၃
ယွမ့်ထန်းကလည်း သည်တစ်ကြိမ်တွင် တိတ်ဆိတ်နေခြင်းက အကြံကောင်းမဟုတ်ကြောင်း နားလည်ထားသည်။ ထို့အပြင် သူ့အတွက် သူ့ကိုဂရုစိုက်သော ပရိတ်သတ်များနှင့် ဝေ့ပေါ်ပေါ်တွင် ထောက်ပံ့ပေးနေကြသော ပရိတ်သတ်များ ရှိနေသေးလေရာ ထိုလူများအား စိတ်မပျက်စေချင်ပေ။ သို့သော် သူက ထိုနည်းလမ်းကို ရွေးချယ်ခဲ့သည်။ အကြောင်းမူကား သူ့တွင်လည်း ကိုယ်ပိုင်စိုးရိမ်မှုများရှိနေသည်။

“ကျွန်တော် ယွမ့်ယွီအကြောင်း နည်းနည်းစိုးရိမ်တယ်၊ သူ့ရဲ့အခြေအနေက ဘယ်လိုမှန်း ကျွန်တော် မသိနိုင်သေးဘူး၊ ကျွန်တော်က အဓိကမြို့မှာ ရှိနေပေမယ့် သူကတော့ ကျွန်တော်နဲ့အဝေးကြီးမှာ ရှိနေလို့ မကူညီနိုင်ဘူး ဖြစ်နေတယ်၊ ခိုင်ရှင်းက အဲဒီကိစ္စတွေကို ဘယ်လိုစီစဉ်ထားမလဲဆိုတာကလည်း ကျွန်တော် မသိနိုင်သေးဘူး၊ ဒီတော့ ကျွန်တော်တို့ရဲ့တန့်ပြန်တိုက်ခိုက်မှုက သူမကို ရန်စသလိုဖြစ်သွားရင် ဘာလုပ်နိုင်မလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ”

မူလပိုင်ရှင်နှင့်ခိုင်ရှင်းတို့က တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ခြင်း ကွာခြားကြသော်လည်း သူက အမြဲတစေ သူမအတွက် ပိုက်ဆံလွှဲနေခဲ့ခြင်းကလည်း သူ၏ညီငယ်ယွမ့်ယွီကြောင့် ဖြစ်နိုင်သည်။

ယခုအခါ သူတို့ကသာ ပြန်လည်တိုက်ခိုက်လိုက်လျှင် ခြုံပုတ်ကိုရိုက်ပြီး မြွေကို ခြောက်လှန့်လိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်လေသည်။ ခွေးပင်ချောင်ပိတ်ရိုက်လျှင် ပြန်ကိုက်တတ်သေးလေရာ ယွမ့်ယွီ၏လုံခြုံမှုက စိုးရိမ်စရာဖြစ်လာနိုင်သည်။
သူ၏စိုးရိမ်မှုကို နားလည်သော ဟော်ယွန်ရီက ချက်ချင်းပြောသည်။

“ကိုတို့တွေ မင်းရဲ့မွေးရပ်မြေကို လူလွှတ်ပြီး အခြေအနေအားလုံးကို စုံစမ်းစစ်ဆေးခိုင်းပြီးပြီ၊ မင်းရဲ့ညီငယ်ရှိနေတဲ့ ဆေးရုံကိုလည်း ရှာတွေ့ထားတယ်၊ အဲဒီဆေးရုံကို လူတွေလွှတ်ပြီး သူ ဘာမှ မဖြစ်အောင် ကာကွယ်ခိုင်းပေးလို့ ရတယ်၊ တကယ်လို့ မင်းစိတ်မအေးဘူးဆိုရင်တော့ အဲဒီကို ကိုယ်တိုင်သွားလိုက်တာက အကောင်းဆုံးပဲ အဲဒီမှာ အရာအားလုံးကို ချောချောမွေ့မွေ့ ပြီးဆုံးအောင် ဆောင်ရွက်ပေးနိုင်မယ့်လူတွေလည်း ရှိတယ်”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now