Unicode
အပိုင်း(၂)
အိပ်မရသော နာကျင်ဖွယ်ညတစ်ည
အိပ်ရေးဆတ်သော အကျင့်အရ အိပ်ရာဘေးရှိ
လှုပ်ရှားသံများကြောင့် လွန်းငယ် တရေးနိုးလာခဲ့သည်။ တစ်နေကုန်အပြင်တွင်သာ နေခဲ့ပြီး ဘယ်ချိန်ကတည်းက ပြန်ရောက်နေမှန်း မသိသော မောင်က သူ၏ အိပ်ရာတစ်ဖက်စွန်းတွင် ထိုင်နေသည်။"မောင် ပြန်ရောက်ပြီလား...ပင်ပန်းနေမှာပေါ့ အိပ်တော့လေ"
"ငါ မင်းနဲ့ အတူမအိပ်ချင်ဘူး လွန်းငယ်....လူတစ်ယောက်ကို စိတ်နဲ့ သတ်နိုင်တဲ့ မင်းကို ငါရွံလို့"
မောင် ပြောသောစကားအား လွန်းငယ် နားမလည်သော်လည်း ရင်ထဲတွင်တော့ နာကျင်ရသည်။ မောင် သူ ဘယ်လိုအမှားမျိုးလုပ်မိခဲ့သောကြောင့် ယခုလိုပြောင်းလဲသွားခြင်းမှန်း လွန်းငယ် မသိ။ သိရန်လည်း မောင်သည် သူ့အား မပြောပြခဲ့။ သိ၍ နာကျင်ရခြင်းထက် မသိဘဲ ခံစားနေရခြင်းသည် ပို၍ နာကျင်ရကြောင်း လွန်းငယ် မောင်အား မည်သို့ရှင်းပြရမည်နည်း။
"မောင် လွန်းငယ် အမှားလုပ်မိရင် လွန်းငယ်ကို ဆူလို့ရတယ်...ရိုက်လို့ရတယ်...ခုလို ဘာမှမပြောဘဲနဲ့တော့ လွန်းငယ်ကို စကားနဲ့မနှိပ်စက်ပါနဲ့...တခါတလေ စကားတစ်ခွန်းက လူတစ်ယောက်ကို အကြိမ်ကြိမ်သေစေနိုင်တယ် မောင်"
"ဟက် မင်းသိတော့ရော ဘာထူးမှာလဲ လွန်းငယ်...ဘာတွေပြောင်းလဲသွားမှာမို့လဲ"
လွန်းငယ် မသိခြင်းကရော ပြောင်းလဲသွားနိုင်လို့လားဟု မောင့်အား ပြန်မေးချင်မိသော်လည်း ဆွံ့အနေသော ပါးစပ်သည် ပြန်၍ မမေးနိုင်ခဲ့။ ချစ်သူဘဝက မောင်နှင့်၊ ခင်ပွန်းဖြစ်လာသော မောင်တို့ မတူညီခြင်းကိုသာ လွန်းငယ် အံ့သြမှင်သက်နေရသည်။
"မောင် မနက်က ပေါက်စီလေးကိစ္စကြောင့် ဆိုရင် လွန်းငယ် တောင်းပန်ပါတယ်...လွန်းငယ် မရည်ရွယ်ခဲ့ပါဘူး"
"မရည်ရွယ်ဘူး တောင်းပန်တယ် ဟုတ်လား ဟက်....တောင်းပန်တိုင်း ခွင့်လွှတ်ပေးတတ်တဲ့ လူတွေထဲ ခွန်းသုရှင် မပါဘူး လွန်းငယ်...တောင်းပန်ပါတယ်ဆိုတဲ့စကားရှိလို့ လူတွေက လွယ်လွယ်နဲ့ အမှားကို ကျူးလွန်ကြတာ...တဖက်လူရဲ့ ရင်ထဲမှာ ဘယ်လိုဒဏ်ရာတွေ ကျန်ခဲ့မလဲဆိုပြီး ဘယ်သူမှ မစဥ်းစားကြတော့ဘူး....ငါ့ရှေ့မှာ ဘယ်တော့မှ တောင်းပန်ပါတယ် မပြောမိစေနဲ့ လွန်းငယ်"
KAMU SEDANG MEMBACA
စေရာ(Complete)