အပိုင်း(၁၅)မထင်မှတ်သော ဂရုစိုက်မှုလေးများနှင့်အတူ ပြန်လည် ရရှိလိုက်သော နှလုံးသားဒ

23.8K 2K 175
                                    


အပိုင်း(၁၅)

မထင်မှတ်ထားသော ဂရုစိုက်မှုလေးနှင့်အတူ ပြန်လည် ရရှိလိုက်သော နှလုံးသားဒဏ်ရာ

အိပ်ပျော်နေသော ပေါက်စီလေးဘေး အိပ်ရာစွန်းတွင် လွန်းငယ်ထိုင်ကာ ကလေးငယ်အား တင်ပါးပေါ်လက်ပုတ်၍ ချော့သိပ်နေမိသည်။

တစ်ခဏအကြာ ပန်းကန်တစ်ခုအား ကိုင်လျက် မောင် ဝင်လာသည်။

"စားပွဲပေါ်တင်ထားတဲ့ ဆန်ပြုတ်ပန်းကန်က အေးနေပြီ...အသစ်ထပ်လုပ်လာခဲ့တာ...ဒါသောက်လိုက်...ပြီးရင် ဆေးသောက်ရဦးမယ်"

ကိုင်ထားသော ဆန်ပြုတ်ပန်းကန်အား ချကာ မောင်က ပေါက်စီလေးအား ကြည့်လာ၏။

"သုသုက ဒီမှာ လာအိပ်နေတာလား"

ထို့နောက် ကလေးငယ်ရှိရာဆီလာကာ အသာအယာ ပွေ့ချီလိုက်သည်။

"သုသုကို အခန်းထဲ ပြန်ပို့လိုက်မယ်...ဆန်ပြုတ်သောက်ထားနှင့်...ပြီးရင် ဆေးနဲ့ရေ ယူလာခဲ့မယ်"

မောင့်အား လွန်းငယ် ခေါင်းညိတ်ပြလိုက်မိသည်။ ပေါက်စီလေးအား ပွေ့ချီလျက် မောင်ထွက်သွားသည်နှင့် လွန်းငယ် ဆန်ပြတ်ပန်းကန်ချထားရာ စားပွဲဆီသွားကာ ထိုင်ခုံပေါ် ထိုင်၍ ဆန်ပြုတ်သောက်လိုက်မိသည်။

အဖျားရှိသောကြောင့် ပျို့တက်ကာ အန်ချင်သလိုဖြစ်သွားမှုအား ထိန်းချုပ်၍ ကြိုးစားသောက်လိုက်သည်က မောင် ယူလာပေးသော ဆန်ပြုတ်ပန်းကန်ဖြစ်နေသောကြောင့်သာ။

တစ်ဝက်လောက်ထိ သူ ကြိုးစားသောက်ပြီးနောက် သူ၏ ဝမ်းဗိုက်ကလက်မခံနိုင်တော့။ ဆက်မသောက်တော့ဘဲ ဇွန်းအား ချထားလိုက်သည်။

ရေတစ်ခွက်အား ကိုင်ထားသောမောင်က သူ့ဘေးသို့ပြန်ရောက်လာ၏။

"မကုန်ဘူးလား...မကုန်ရင် ဆက်မသောက်နဲ့တော့...ဆေးသောက်လိုက်ဦး"

မောင် ပေးလာသောဆေးအား ယူကာ ရေနှင့်မျှောချလိုက်သည်။ ခေါင်းထဲ မူးနောက်နေကာ နေရသိပ်အဆင်မပြေချင်ပေ။

ကိုက်ခဲနေသော နားထင်အား လက်ချောင်းများဖြင့် ဖိနှိပ်လိုက်မိသည်။

စေရာ(Complete)Where stories live. Discover now