အခန်း (၄၉) အခန္း (၄၉)

1.2K 332 41
                                    

[Unicode]

သစ်ခွပန်းလေးစိတ်ထဲ သူမအိပ်မက်မက်နေသည်ဟု ခံစားလိုက်ရသည်။

သူမ၏မျက်လုံးများဖွင့်လို့မထားကြောင်း ရှင်းရှင်းကြီးသိလို့နေပါသည်။ သို့သော် သူမစိတ်ထဲ ထူးထူးဆန်းဆန်းရုပ်ပုံများ မြင်တွေ့နေရသည်မှာ ဆန်းကြယ်လှပါ၏။

လိပ်ပြာများနှင့် လှုပ်လီလှုပ်လဲ့ပန်းလေးများ၊ မြက်ပင်များနှင့် စမ်းချောင်းများ၊ မိုးဒဏ်လေဒဏ်ကြောင့် အိုးဟောင်းနေပြီဖြစ်သည့် အများနှင့်မတူသော အိမ်တံခါးများ၊ နေရောင်အလင်းပြန်သဖြင့် ပြိုးပြိုးပြက်ပြက်လက်နေသော ခြံဝင်းထဲရှိ ရေစည်ထဲမှ ရေများ။ အမျိုးသမီးတစ်ဦးဟာ ခြံဝင်းထဲရှိ သစ်တော်ပင်ကိုမှီလျက် တစ်ရေးတမောအိပ်စက်လို့နေသည်။ သစ်တော်ပန်းများမှာ လှိုင်လှိုင်ပွင့်အာလို့နေကြပြီဖြစ်လျက် သူမကိုယ်ပေါ် နှင်းများကဲ့သို့ ဖုံးလွှမ်းလို့ထားသည်။

ထိုအမျိုးသမီးမှာ မချောပါ။ သို့သော် သူမခန္ဓာကိုယ်ပေါ်တွင် အားကိုးအားထားပြုလောက်ဖွယ်ရာ ကိုယ်ရောင်အရှိန်အဝါတို့ရှိလို့နေလျက် အခြားသူများစိတ်ထဲ မည်သို့ကြောင့်မှန်းမသိ နွေးထွေးမှုကိုခံစားရစေသည်။

"ဆရာ" ခြံဝင်းတံခါးပေါက်ဝမှ တစ်စုံတစ်ယောက်က ညင်ညင်သာသာလေးလှမ်းခေါ်လာကြောင်း သစ်ခွပန်းလေးကြားလိုက်ရ၏။ ထို့နောက် ခရမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးဝင်လာသည်။ ထိုအမျိုးသမီးဟာ ခြံဝင်းထဲရှိသစ်ပင်အောက်တွင် အိပ်မောကျလို့နေကြောင်း သူမြင်သွားလေသည်။ သူ သူမဘေးသို့ ပြေးသွားကာ ငုပ်တုပ်ထိုင်ချလိုက်သည်။

"ဆရာ" သူမအား ခေါ်လိုက်လေ၏။

အမျိုးသမီးက ပြန်ဖြေမလာချေ။

ထိုစဉ် သစ်တော်ပန်းပွင့်ဖတ်လေးကြွေလာလျက် ထိုအမျိုးသမီး၏ခေါင်းပေါ်ကျသွားပြီးနောက် နှုတ်ခမ်းပါးပေါ် သွားတင်လေသည်။ ထိုပွင့်ဖတ်လေးအား လေနုအေးလေးမှတိုက်မသွားမီ ခရမ်းရောင်ဝတ်စုံဝတ်အမျိုးသားက ဆတ်ခနဲခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည်။ သူခေါင်းကိုငုံ့လျက် အမျိုးသမီး၏မျက်နှာနား ပိုတိုးကပ်လို့သွားပြီးနောက် နှုတ်ခမ်းအစုံကိုဟလိုက်၏။ ထို့နောက်တွင်မူ အမျိုးသမီး၏နှုတ်ခမ်းပေါ်မှ သစ်တော်ပန်းပေါ် အသာလေးအပ်လိုက်သည်။ နှုတ်ခမ်းနှစ်လွှာဟာ အမျိုးသမီး၏ပန်းနုရောင်နှုတ်ခမ်းပါးလေးများနှင့် ခပ်ဖွဖွလေးထိမိလို့သွားသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now