အခန်း (၅၀) အခန္း (၅၀)

1.3K 329 44
                                    

[Unicode]

"အာဃာတစိတ်ဝိညာဉ်?" ထိုပုဂ္ဂိုလ်က မေးစေ့ကိုခဏတဖြုတ်မျှပွတ်သပ်လို့နေပြီးမှ ရယ်မောလိုက်ကာ "မင်းဒီလိုခေါ်တယ်ဆိုတော့လည်း သူ့ရဲ့အာဃာတစိတ်ဝိညာဉ်လို့ပဲ ငါ့ကိုသတ်မှတ်လိုက်ပေါ့"

သစ်ခွပန်းလေးဟာ သူ့သွားများကိုလှမ်းကြည့်လျက် တဆတ်ဆတ်မတုန်ဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

အာဃာတစိတ်ဝိညာဉ်ဆီမှ ကြားရသည့်အတိုင်းဆိုလျှင် သူဟာ တုန်းဖန်းချင်းချန်း၏မကျေမချမ်းဖြစ်နေသော စွမ်းအင်တစ်ခုအဖြစ် ပေါက်ဖွားလာခဲ့ပြီးနောက် ဟင်းလင်းပြင်းကြီးထဲ တုန်းဖန်းချင်းချန်းတစ်ယောက် နှစ်ပေါင်း ထောင်၊ သောင်းချီအောင် လျှောက်သွားနေစဉ် တဖြည်းဖြည်းချင်း သန်မာအားကြီးလာခဲ့ပုံပင်။ အာဃာတစိတ်ဝိညာဉ်​ ပေါ်​ပေါက်လာသည်ကိုကြည့်ခြင်းဖြင့် တုန်းဖန်းချင်းချန်းဟာ တစ်ယောက်တည်းလွင့်ပါးနေခဲ့ရစဉ်က ချိသိအမျိုးသမီး၏အချေမှုန်းခံခဲ့ရမှုအပေါ် မည်မျှအားမလိုအားမရဖြစ်လျက် စိတ်ထဲမကျေမချမ်း၊အငြိုးအတေးများဖြစ်ခဲ့ကြောင်း သိသာလှပေ၏။

မကျေမချမ်းဖြစ်မှုနှင့် နာကြည်းမုန်းတီးမှုတို့မှ ပေါက်ဖွားလာခဲ့သည့် အရာ။ ဤ'တုန်းဖန်းချင်းချန်း'ဟာ သစ်ခွပန်းလေးသိသည့် တုန်းဖန်းချင်းချန်းထက် ပိုမို၍စိတ်ဓာတ်ပြင်းထန်၊ ပိုမို၍သွေးဆာ၊ ပိုမို၍ရန်လိုကာ... စိတ်ခံစားချက်များကို ဖော်ထုတ်ပြတတ်သည့်ပုံမျိုးရှိသည်။

"ရှင်... ဘာလုပ်ဖို့ ကျွန်မကို ဖမ်းထားရတာလဲ" သစ်ခွပန်းလေးက အတုန်တုန်အယင်ယင်ဖြင့် အသာလေးမေးလိုက်သည်။ သူမအသံက နည်းနည်းလေးပိုကျယ်သွားလျက် မကျေမချမ်းဖြစ်နေသောစိတ်ဝိညာဉ်အပေါ် ဒေါသဖြစ်သွားစေမည်ကို စိုးရိမ်လို့နေ၏။ "ကျွန်မက သစ်ခွနတ်သမီးလေးတစ်ပါးပါ၊ တနည်းပြောရရင် သူများက လုပ်ယူထားလို့ မွေးဖွားဖြစ်ပေါ်လာရတဲ့ ဝိညာဉ်လေးတစ်ခုပါ။ အခုဆို ကျွန်မသုံးနေတဲ့ခန္ဓာကိုယ်ကိုတောင် မြေစေးနဲ့ပုံသွင်းထားရတာပါ။ ရှင် ကျွန်မကို ဝါးစားပစ်လိုက်မယ်ဆိုရင်တောင် အစာချေလို့ရမှာ မဟုတ်ဘူး"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now