ညကတည်းက အငြိုးတကြီးရွာချလာသည့် မိုးနှင့်အတူ လေးလံနေခဲ့သော စိတ်အစုံတို့ကြောင့် မနက်လင်းအားကြီးမှ နိုးလာခဲ့ရသည်။
သူ အိပ်ယာနိုးတော့ ဖေဖေ အိမ်မှာရှိမနေတော့ပေ။ ယာထဲသွားပြီထင်သည်။ညကရွာချထားသည့် မိုးကြောင့် အိမ်အဝန်းထဲတွင် ရေများဗွက်ပေါက်နေသည်။
ဒီမိုးနဲ့ဆို တောင်သူတွေ လယ်စိုက်လို့ရချေပြီ။
အိမ်ခေါင်ရင်း ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကြီးကို မော့ကြည့်မိပြန်တော့ ကြည်ကြည်လင်လင်မရှိ။ ထို့နည်းအတူ သူ့စိတ်တွေသည်လည်း လေးလံကာ ကြည်လင်ခြင်းမရှိ။
အိမ်ပေါ်မှ ကပျာကယာဆင်းလာကာ
အိမ်ရှေ့ထွက်၍ မျက်နှာက သစ်လိုက်သည်။ ပြီးနောက် ပုဆိုးအထက်နားစဖြင့် မျက်နှာသုတ်ရင်း အိမ်ထဲဝင်လာခဲ့သည်။ဧည့်ခန်းထဲတွင် အငြိမ်သားထိုင်နေသည့် မေမေ့မျက်နှာက မသာမယာ။ အင်းလေ မေမေ့အတိုးပေးထားတဲ့ ငွေတွေမရလို့နေမှာ။
"မေမေ ဖေဖေယာထဲသွားပြီလား"
"ရွာထဲ ခဏသွားတယ် သား။ ဟို ဟိုလေ"
မေမေ့မျက်နှာက ပူဆွေးသောကဖြစ်နေဟန်။တစ်ခုခုကို ပြောဖို့ကိုလည်း တွန့်ဆုတ်နေသည်ဟု ထိန်လင်းအောင် ထင်မှတ်မိသည်။
"ဘာလဲ မေမေ။ ပြောလေ"
"ဟို....."
"ကဲပါမေမေရယ် သားအမိချင်းပြောတာပဲ။
ဘာတွေဖြစ်နေရတာလဲ မေမေဘာပြောချင်လို့လဲ ပြောလေ""သားသူငယ်ချင်းနောင်...နောင်ရိုး နောင်ရိုးလေး"
"အင်း နောင်ရိုး ဘာဖြစ်လို့လဲ မေမေ"
"ဆုံးပြီတဲ့"
"ဘယ် ဘယ်လို"
"အင်း သားသူငယ်ချင်းနောင်ရိုးဆုံးပြီးတဲ့ သားရယ်"
မေမေရဲ့ မချိတင်ကဲပြောလာသည့် ဟန်က အလိမ်အညာမဟုတ်ဟန်။ကြားလိုက်ရသည့် စကားကြောင့် ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရသည်။ နှလုံးခုန်နှုန်းတဖြည်းဖြည်းမြန်လာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဆောက်တည်ရာမရဖြစ်ကာ နေရာမှပင် ရပ်လျက်သား နေနေမိသည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။