ဟိဏ်းခန့်ရဲ့ အမေးစကားက သူ့ရင်တစ်ခုလုံးကို ဓားထက်ထက်နှင့် ထိုးမွှေခံရသလို နာကျင်ကြေမွသွားရသည်။ ရင်ထဲမှ အူတွေ၊ ကလီစာတွေ ထုတ်ယူခံရသလို ဟာသွားရသည်။ အနာဟောင်းကို အဆွခံရလိုက်သည့် ခံစားချက်မျိုး ရင်က တဆစ်ဆစ်နာလေသည်။ ဘာစကားမှ ပြန်မပြောနိုင်လောက်အောင် နှုတ်ခမ်းတို့က တုန်ရီလာသည်။
"ကိုထိန် ကျွန်တော်မေးတာရော ကြားလား"
"အင်း ငါ ငါကြားပါတယ်"
"ဘာလဲ ကိုထိန့် နောင်ရိုးက အိမ်ထောင်တွေဘာတွေ ကျသွားလို့လား"
အိမ်ထောင်ကျသွားခဲ့ရင်တောင် ဖြေသာပါသေးတယ်ကွာဟု စိတ်ထဲမှ မချိတင်ကဲ ဆိုမိသည်။
"မဟုတ်ဘူး ဟိဏ်းခန့်။ နောင်ရိုး ငါ့ဘဝထဲကရော ဒီကမ္ဘာကြီးထဲကရောပါ အပြီးအပိုင်ထွက်သွားခဲ့တာ...သူ ဆုံးပါးသွားတာ ကြာခဲ့ပြီ"
ဘယ်လောက်ပင် ထိန်းပြောပါစေ သူ့အသံက တုန်နေသေးသည်။ထိုအဖြစ်အပျက်များကို ဘယ်အချိန် ပြန်စဉ်းစား စဉ်းစား မနေ့တစ်နေ့ကလို မှတ်မိနေဆဲ။ မြင်ယောင်မိနေဆဲပင်။
"ဘယ်တုန်းက ဖြစ်သွားရတာလဲ ကိုထိန်ရာ"
"မင်း ရန်ကုန်ကို ကျောင်းပြောင်းသွားခဲ့တဲ့နှစ်ကပေါ့"
"ခင်ဗျာ"
"သူ ငါတို့ဘဝထဲက ထွက်သွားတာ ကြာခဲ့ပြီဆိုပေမယ့် မနေ့တစ်နေ့ကလိုပါပဲကွာ"
"ကျွန်တော် မကွေးကို ရောက်ခဲ့တဲ့အချိန်တုန်းက ကိုထိန်နဲ့ နောင်ရိုးအကြောင်း စုံစမ်းဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘူး။ နောင်ရိုး ဒီလောကကြီးထဲက ထွက်ခွါသွားတာ စောလိုက်တာ ကိုထိန်ရာ"
ဟိဏ်းခန့်၏ မျက်နှာထက်တွင်လည်း ဝမ်းနည်းမှုက အပြည့်။ အင်းလေ ဟိဏ်းခန့်လည်းပဲ တစ်ချိန်က နောင်ရိုးကို တစ်ဖက်သတ်ချစ်ခဲ့ရသူပဲလေ..။
"ကဲပါ ကိုထိန်ရာ။ ကျွန်တော်တို့ နောက်မှ အေးဆေးစကားပြောကြရအောင်ပါ"
ထိုစကားဝိုင်းကို ထိန်းလိုက်တာက မင်းဟိဏ်းခန့်ပါ။ သူ့စိတ်အတွေးတို့ကတော့ လေဟာနယ်ထဲ ရောက်နေသည်။ အတိအကျပြောရရင် အတိတ်နေ့ရက်များဆီ ရောက်နေသည်။ နောင်ရိုးကို ပိုပြီး သတိရလာသည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။