မျက်လုံးနှစ်လုံး မဖွင့်ခင်ကတည်းက ကြားနေရသည့် ဖုန်းnotiများကြောင့် အက္ခရာသစ်လွင် အိပ်ယာမှ နိုးလာခဲ့ရသည်။ အိပ်ယာဘေးမှာ ချထားသည့် ဖုန်းအား လက်ဖြင့် စမ်းရင်း ယူကြည့်မိတော့ Smsများစွာ က ဆီးကြိုနေသည်။ အတိအကျပြောရရင် ၂၄စောင်။ ဦးတစ်ယောက်တည်းထံမှ ဖြစ်သည်။ "အိပ်ယာနိုးပြီလား။ သက်သာရဲ့လား။" စသည့် မေးခွန်းပေါင်းများစွာနှင့် စိတ်ပူနေကြောင်း စာတိုများသာ။
အက္ခရာ ချက်ချင်းစာမပြန်သေးဘဲ နေလိုက်သေးသည်။ နေလို့မရပါ။ ဦးထံမှ စာတိုတစ်စောင် ထပ်မံဝင်လာသည်။
"လွမ်းတယ်"တဲ့။ ထိုစာတိုလေးကြောင့် အက္ခရာရင်တွေ တသိမ့်သိမ့်တုန်သွားရသည်သာ။ ဒါတွေက အပိစကားမဟုတ်မှန်းလည်း သူသိပါသည်။ မနေ့ညကတည်းက အိမ်မှာအိပ်ချင်သည်ဟု တဖွဖွပြောခဲ့သော ဦးကို ချော့မော့ကာ ပြန်လွှတ်လိုက်ရသည်။ ဒါကလည်း သူ့ကိုစိတ်ပူလို့ဆိုတာ သိပေမယ့် ဖေဖေနဲ့မေသက် ရိပ်စားမိသွားရင်
မကောင်းနိုင်တာကြောင့်လည်း ဖြစ်သည်။"ကျွန်တော်လည်း ဦးကို လွမ်းတယ်"ဟု စာပြန်ပို့လိုက်ပြီး မကြာမှီ ဦးထံမှ ဖုန်းဝင်လာသည်။ ဖုန်းကိုင်လိုက်သည်နှင့် စိုးရိမ်ခြင်းနှင့်အတူ ပျော်ရွှင်မှုတို့ရောစွက်နေသည့် ဦးအသံက ခပ်ဆာဆာဖြင့် လေလှိုင်းက တစ်ဆင့် သူ့နားစည်ထဲသို့ ဝင်ရောက်လာသည်။
"ချာတိတ်ရာ စိတ်ပူလိုက်ရတာကွာ။ သက်ရောသက်သာပါ့မလားလို့။ ညကသိပ်တောင် အိပ်မပျော်ဘူး။ ကြက်အိပ်ကြက်နိုးနဲ့ပဲ မိုးလင်းသွားရတာ"
"အက္ခရာ သက်သာပါတယ် ဦးရဲ့။
စိတ်မပူနဲ့တော့နော်""ဟာကွာ စိတ်မပူလို့ ဘယ်ရမလဲ။ဦးမှာ စိတ်ပူရမယ့်သူဆိုလို့ ချာတိတ်တစ်ယောက်ပဲ ရှိတာလေကွာ"
ဦးက အကဲပိုလိုက်တာဟု ကလူချင်ပေမယ့် တကယ်တမ်းကျမပြောဖြစ်ခဲ့ပါ။
"ချာတိတ်"
"ဗျာ"
"တော်ပါသေးရဲ့ ချာတိတ်အသံလေးကြားလိုက်ရမှပဲ ကိုယ့်ရင်ထဲကအလုံးကြီး ကျသွားတော့တယ်။ ဒါနဲ့ ချာတိတ် ဒီနေ့အလုပ်နားချင် နားလေ"
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။