Chapter_41(U+Z)

235 10 12
                                    

အိမ်ပြန်ရောက်သည်အထိ ရင်ခုန်သံတို့ ထိန်းချုပ်မရသူက အက္ခရာပင်ဖြစ်သည်။ ချစ်တယ်ဆိုသည့်စကားအား ကြားရသည့်အခိုက်အတန့် နှလုံးရပ်သွားမတတ် ဖြစ်သွားခဲ့ရသည်မှာ မညာချင်။ ရိုးရိုးအေးအေးကြီးနှင့် စိတ်ကူးယဉ်ဆန်စရာမကောင်းလှသော ချစ်စကားများသည်လည်း ဒီလိုရင်ခုန်စရာကောင်းမှန်း အက္ခရာ မသိရိုးအမှန်ပါ။ ချစ်တယ် ဟူသောစကားကို ဖွင့်ပြောရန် တွန့်ဆုတ်နေသော ဆရာ့ပုံစံက ပြန်တွေးကြည့်တိုင်းတကယ့်ကို ရင်ခုန်စရာအတိပင်။  ထက်ထက်ဆိုထားသည့်သီချင်းလို မြန်မြန်ချစ်ရင်ချစ်တယ်ပြောဟု မပြောရရုံတမယ် ဆရာက ရှက်သည်းနေခဲ့သည်လေ...။

အက္ခရာကိုယ်တိုင်လည်း ဆရာ့ကို တိတ်တခိုးရင်ခုန်နေတာ ကြာခဲ့ပြီဖြစ်သည်။  အဖြေတော့ တန်းမပေးဖြစ်ခဲ့ပါ။ သုံးနှစ်သုံးမိုး၊ ဆယ်နှစ်ဆယ်မိုး စောင့်ခိုင်းဖို့လည်း မဟုတ်ပါ။ အက္ခရာပုံစံအတိုင်းဆို ချစ်ရင်ချစ်တယ်ဟု ပြောဖို့ကို တွန့်ဆုတ်နေခဲ့မည်မဟုတ်ပါ။ ဖွင့်ပြောလာသည့်သူက ကိုယ့်အထက်လူကြီးဖြစ်နေသောကြောင့် ရှိန်နေခဲ့ခြင်းပင်။ ထို့ကြောင့် ရက်အနည်းငယ်မျှ စောင့်ဆိုင်းပြီးမှသာ အဖြေပေးတော့မည်ဟု စိတ်ကူးထားသည်။

"သစ်လွင်ရေ ငါ ဘဲအသစ်ရပြီ ဟီး"

ဖုန်းမျက်နှာပြင်ပေါ်မှ ပေါ်လာသည့် စာတိုလေးကြောင့် အက္ခရာဖုန်းလေးကိုင်ရင်း ပြုံးလိုက်မိသည်။ အာသာရှင်းသန့်ဆိုသည့်ကောင်က အမြဲတမ်း ဘယ်လောက်စော်ကြည်၊ ဘဲကြည်ကြောင်း သူ့ကို ကြွားနေကျမို့ သူ့အတွက် အဆန်းမဟုတ်တော့ချေ။ အင်း ..ဒီတစ်ခါတော့ အက္ခရာလည်း အာသာ့ကို ရည်းစားရှိကြောင်း ပြန်ကြွားနိုင်တော့မည်ထင်ပါ့။ ကိုယ့်အတွေးကို ပြန်တွေးရင်းမှ မျက်နှာကလေး ထူအမ်းလာရသည်။

"ဒီညနေ အပြင်မှာ ငါတို့တွေ့ဖို့ ချိန်းထားတယ် အဖော်လိုက်ခဲ့ပေးပါဦး"

ထပ်မံဝင်လာသည့် စာတိုလေးကြောင့် နှုတ်က ပွစိစိလုပ်လိုက်မိသည်။ အင်း။ သူများအတွဲကြားထဲ ဝင်ပါရဦးမည်။ ပဲလှော်ကြား ဆားညက်ရဦးမည့်အဖြစ်။ မလိုက်ချင်ပါဘူးဟု ငြင်းလျှင်လည်း မရမက ခေါ်ဦးမည့် အာသာရှင်းသန့်အကြောင်း သိနေသူမို့ "လိုက်ခဲ့မည်"ဟုသာ ခပ်တိုတိုစာပြန်လိုက်ရလေသည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now