ကျယ်ဝန်းသည့် ခြံကျယ်ကြီးထဲတွင် သစ်ပင်များက အုပ်ဆိုင်းဆိုင်း။ ထိုခြံဝင်းထဲ စပြီးခြေချမိသည့်အချိန် အရိုးများစိမ့်ခနဲ ကြက်သီးမွေးညင်း ထသွားရသည်။ စိတ်ထဲမှာလည်း မသိုးမသန့်ဖြစ်ရသည်။ မေသက်၏ ခေါ်ဆောင်မှုနှင့် သူကိုယ်တိုင်က လိုလိုချင်ချင်လိုက်ပါလိုမှုတို့ကြောင့် ရောက်လာခဲ့ရသည့် ဒီခရီးကို ဖြစ်နိုင်ရင် နောက်ပြန်လှည့်သွားချင်ပါသည်။
"ဒီနေရာကို မေသက်တို့လာနေကြ သားငယ် ဘာမှစိတ်မပူနဲ့နော်..။ဆရာမကြီးဆီမှာ မေးဖို့မြန်းဖို့ဆို တစ်လတောင်ကြိုပြီး
ဘိုကင်လုပ်ရတာရှိတယ်။ မေသက်တို့က လူရင်းတွေဖြစ်နေကြလို့သာ ဒီလောက်အချိန်လေးနဲ့ ရမှာ.."မေသက်က သူစိတ်ပူနေသည်ကို သိသည့်အလား ပြောလေသည်။ ပြီးနောက် အိမ်ထဲဝင်ဖို့ ပြောရင်း မေသက်နှင့်သူ အိမ်ထဲသို့ ဝင်လာခဲ့ရသည်။ အိမ်ထဲမှ အပြင်အဆင်များက အနည်းငယ်မျှ ရှေးရိုးဆန်သည်။ ဧည့်ခန်းထဲတွင်လည်း ဘိုးဘွားစဉ်ဆက် ဓာတ်ပုံများကို အကျအနချိတ်ထားသည်။
"သားငယ်"
"ဗျာ မေသက်"
"ထိုင်ရအောင်လေ"
ထိုင်ဖို့ပင် မေ့နေရလောက်အောင် ကျီးကန်းတောင်မှောက် ငေးမောကြည့်နေသည့် သူ့ကို မေသက်က ထိုင်ဖို့ သတိပေးသည်။ အက္ခရာသစ်လွင် မဆိုင်းမတွပင် မေသက်နံဘေးရှိ ထိုင်ခုံမှာ ထိုင်ချလိုက်လေသည်။ ခဏကြာသည်နှင့် ကော်ဖီလင်ဗန်းနှင့် အိမ်အကူအမျိုးသမီးဟုယူဆရသည့် အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ဦး ကော်ဖီလာချပေးလေသည်။
"မေသက် သား နည်းနည်းကြောက်တယ်"
"ဘာကြောက်စရာလိုလို့လဲကွယ် သားအမြဲတမ်းမက်နေတဲ့ ဒီအိမ်မက်တွေအကြောင်း သိရတော့ သားလည်း လုပ်ပေးစရာရှိတာ လုပ်နိုင်တာပေါ့။"
ဒါလည်း ဟုတ်ပါသည်။ သူ အနှစ်နှစ်အလလက သိချင်နေခဲ့သည့် အိမ်မက်ထဲက အဖြူအစိမ်းဝတ်ကောင်လေးနှစ်ယောက်၏ ပုံရိပ်တွေကို ခေါင်းထဲမှာ ရုပ်ရှင်ပြသလို ဦးနှောက်ထဲပေါ်လာသည်။ ထိုကောင်လေးနှစ်ယောက်နှင့် စပ်လျဉ်းသည့်အကြောင်းအရာကို သိချင်နေခဲ့ပေမယ့် တကယ်တမ်းသိရတော့မည်ဆိုတော့ ရင်ထဲမှာဟာတာတာ။ တစ်ခုခုကို ကြိုတွေးရင်း စိတ်ထဲဝမ်းနည်းလာသလိုပင်။ ဘာကြောင့်လဲဆိုတာတော့ အက္ခရာလည်း ဉာဏ်မမှီလှ။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။