အိပ်ယာဘေးမှ ဖုန်းဆီက အချက်ပေးသံ တစ်ချို့ကြောင့် အိပ်ယာမှ လန့်နိုးသွားရသည်။အိပ်မှုန်စုံဖွားဖြင့်ပင် အိပ်ယာဘေးမှ ဖုန်းလေးအား လိုက်စမ်းသည်။ပြီးနောက် Snoozeခလုတ်အားနှိပ်၍ ဆက်အိပ်ရန်ကြိုးစားလိုက်သည်။
အလုပ်သွားရမည်ဟူသည့်အသိက ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်လာတာကြောင့် အိပ်ယာထဲမှ ကမျောကသော ထကာ ရေချိုးခန်းထဲ ပြေးဝင်ရပြီး မျက်နှာသစ်၊ရေချိုးရသည်။ ပြီးနောက် ဝင်းစိုနေသော မျက်နှာလေးအား Creamအနည်းငယ်လူးကာ မနေ့ကတည်းက စီစဉ်ထားသည့် အဝတ်အစားများအား သပ်ရပ်စွာဝတ်ဆင်လိုက်သည်။ မှန်ထဲတွင်ပေါ်လာသော မိမိ၏ရုပ်ပုံလွှာကို ကြည့်ရင်း အက္ခရာ ဖျတ်ခနဲ ပြုံးလိုက်မိသည်။
မှန်ရှေ့မှ အမြန်ဆုံးဖယ်ကာ Fileတစ်ချို့ယူကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"မောနင်း ဖေဖေ မောနင်း မေသက်"
ထမင်းစားပွဲတွင် ထိုင်နေကြသော ဖေဖေနှင့်မေသက်အား နှုတ်ဆက်လိုက်သည်။ထို့နောက် မေသက်နှင့်မျက်နှာချင်းဆိုင်ရှိ ခုံတစ်ခုကို ဆွဲယူကာ ထိုင်လိုက်သည်။
"ဖေဖေ့သားငယ်က ဒီနေ့ တက်ကြွနေပါလား"
"တက်ကြွရမယ်လေ ဖေဖေရဲ့။ ဒီနေ့မှအလုပ်စဆင်းရမှာ တက်ကြွနေရမှာပေါ့ မဟုတ်ဘူးလား။ မတက်ကြွလို့ ခန့်စာနဲ့ဖြုတ်စာ တစ်နေ့တည်းဖြစ်နေမှာပေါ့ ဖေဖေရ"
အက္ခရာ့စကားကြောင့် ဖေဖေနှင့် မေသက်က ခပ်ပြုံးပြုံး။
"အလုပ်လေးနဲ့ဆိုတော့ လူလည်း မလည်တော့တာပေါ့။ နို့မို့ဆို ဖေဖေနဲ့ သားမာမီရှာသမျှငွေက သားငယ်ထိုင်ဖြုန်းတာနဲ့ပဲ ကုန်မှာ"
"ဖေဖေကလည်း..."
အက္ခရာသစ်လွင် ဖေဖေ့အပြောကို ဟန့်တားလိုက်ရသည်။ မသိရင် အက္ခရာဆိုတာ မိဘလုပ်စာ ထိုင်ဖြုန်းနေတဲ့ ကလေးတစ်ယောက်လိုပဲ။ အရင်ကတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်။ ဒီနေ့ကပြီး မဟုတ်တော့ပါ။
"ကဲ စိတ်ကောက်မနေနဲ့ လက်ဖက်ရည်သောက် အလုပ်နောက်ကျနေလိမ့်မယ်။ ဒီမှာ သားအတွက် Lap Top"
စောစောကစိတ်ဆိုးနေသည့် မျက်နှာလေးသည် ယခုမှပင် နှုတ်ခမ်းကလေးများ တွန့်ကွေးကာ
ပါးချိုင့်ကလေးခွက်သွားအောင် ရယ်မောမိတော့သည်။ဖေဖေ ကမ်းပေးလာသည့် Laptopကိုလည်း သဘောတကျရှိနေမိသည်။
YOU ARE READING
ခွင့် (Unicode+Zawgyi)
Romanceတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။