Chapter (44) အင်တာဗျူး

3.8K 623 19
                                    

အင်တာဗျူး

"ထင်းထင်း…"

လီကျောင်းသည် ရန်ထင်း၏မျက်လုံးများက ဆုံချက်ရှာမတွေ့သကဲ့သို့ အနည်းငယ်ဝေဝေဝါးဝါးဖြစ်နေသည်ကို သတိပြုမိခဲ့သည်။ ဖိအားများသည့်ဘဝတွင် နေထိုင်သူများသည်  တစ်ခါတစ်ရံ အိပ်မက်နှင့် လက်တွေ့ကို မခွဲခြားနိုင်ဖြစ်တတ်သည်ဟု သူကြားဖူး၏။ ရန်ထင်းက အဲ့ဒီအခြေအနေဖြစ်နေတာလား။

ထိုသို့တွေးမိသောအခါ သူက ရန်ထင်းကို အော်မခေါ်ရဲတော့ချေ။ သူက လှေကားလက်ရန်းကို ဂရုတစိုက်ကိုင်ကာ ရန်ထင်းပြုတ်ကျမည်ကို ကာကွယ်ရင်း သူ့အား နောက်သို့ တရွတ်တိုက် ဆွဲခေါ်လိုက်သည်။

"အဆင်ပြေပါတယ်။" ရန်ထင်း၏အသံမှာ အက်ကွဲနေပြီး သူ့မျက်လုံးများမှာ တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။

လီကျောင်းက ရန်ထင်း ကြည့်နေသည့်နေရာကို ကြည့်လိုက်၏။ ထိုနေရာတွင် ဘာမှမရှိသော်ငြား ရန်ထင်း၏ မျက်လုံးများတွင် ဝမ်းနည်းမှုအချို့ ရှိနေသည်ဟု သူခံစားမိခဲ့သည်။

"မင်းဒီမှာရပ်နေပြီး မလှုပ်နဲ့။" လီကျောင်းက ဖိနပ်တစ်ရံယူရန် နောက်သို့လှည့်လိုက်သည်။ "ဖိနပ်စီးလိုက်။"

ရန်ထင်းက ဖိနပ်စီးလိုက်ပြီး လီကျောင်းက ရေတစ်ခွက်ယူရန် အောက်ထပ်သို့ ပြေးဆင်းသွားသည်ကို တွေ့လိုက်ရသည်။

"ရေအပူချိန်က အနေတော်ပဲ။ တစ်ငုံလောက်သောက်လိုက်နော်။" လီကျောင်းသည် ရန်ထင်းက ခွက်ကိုယူ၍ ရေသောက်သည်ကို မြင်လိုက်ရ၏။ ထိုအခါမှ သူ၏ စိုးရိမ်ပူပန်မှုများမှာ လုံးလုံးလျားလျား လျော့ကျသွားခဲ့သည်။ "စောစောအနားယူပါ။ မနက်ဖြန်ကျရင် ငါတို့ နှစ်သစ်ကူးပစ္စည်းတွေ သွားဝယ်ကြမယ်။"

နွေးထွေးသောရေသည် သူ့နှလုံးသားကို နွေးထွေးစေသည်။ ရန်ထင်းက လီကျောင်း၏ ရှုပ်ပွနေသောဆံပင်များကို ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်၏။ လီကျောင်းက ဆက်ပြီးမေးမြန်းလာမည်ဟု သူထင်ခဲ့သော်လည်း လီကျောင်းက ဘာမှထပ်မပြောတော့ပေ။ သူ့လက်ထဲက ခွက်ကို လှည့်လိုက်သောအခါ ရေက အနည်းငယ် လှုပ်ခါသွားခဲ့သည်။ "ဂွတ်နိုက်ပါ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now