Chapter (54) ဝက်မွေးမြူခြင်းဆိုင်ရာ အသိပညာကြော်ငြာ

4.5K 696 27
                                    

ဝက်မွေးမြူခြင်းဆိုင်ရာ အသိပညာကြော်ငြာ

ကမ္ဘာပေါ်တွင် အဖြေမှားလျှင် အမှတ်နုတ်မခံရဘဲ သေစေနိုင်သည့် မေးခွန်းတစ်ခုရှိပေသည်။ ရန်ထင်းသည် တစ်ခါမှ မချစ်ဖူးသော်လည်း လီကျောင်း၏ မျက်ဝန်းများနှင့် ဆုံတွေ့သည့်တစ်ခဏ၌ ဦးဆောင်လမ်းပြသူမရှိသော်လည်း တန်ဖိုးရှိလှသည့် ရှင်သန်နေထိုင်မှုအကြောင်းကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

"မင်း ယောင်ယိကွမ်းရဲ့စကားကို နားထောင်ပြီး ငါ့ကို ကြောက်နေတယ်လို့ ငါထင်နေခဲ့တာ..." ရန်ထင်းက သူ့ခေါင်းကို ငုံ့ထားသော်လည်း လီကျောင်း၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲဖြစ်၏။ "ငါ မင်းကို မသွားချင်စေဘူး။ ဒါပေမဲ့ မင်းငါ့ကြောင့် ကြောက်နေရမယ်ဆိုရင် ငါမင်းကို ထွက်သွားခွင့်ပြုလိုက်မှာပါ...။"

ရန်ထင်း၏ပါးစပ်မှ ထွက်သွားခွင့်ပြုမည်ဟု ပြောသော်လည်း သူ့လက်များကို ပို၍ တင်းတင်းဆုပ်ကိုင်လာသည်ကို မြင်ရသောအခါ လီကျောင်းက စိတ်ထိခိုက်သွားပြီး ရန်ထင်းအပေါ် စိတ်မဆိုးနိုင် ဖြစ်သွားခဲ့သည်။ "ငါ မသွားခဲ့ပါဘူး။ ငါထွက်သွားမှာ မဟုတ်ဘူး။ အဲ့အကြောင်း တွေးတောင်မတွေးနဲ့။"

"ဒါဆို မင်း ခုနက..."

"ငါက မင်းလုပ်ဖော်ကိုင်ဖက်ရဲ့ ပါးစပ်ကို ပိတ်ဖို့ သွားခဲ့တာ။" လီကျောင်းက ရန်ထင်းကို ဆွဲကာ ထိုင်ခိုင်းလိုက်သည်။ "ချန်ဟွမ်းက အရမ်းကြီးမားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး မင်းရဲ့ရာထူးတက်နှုန်းက မြန်တယ်။ မင်းရဲ့လုပ်ဖော်ကိုင်ဖက်က ဒီနေ့ဇာတ်လမ်းကို ဖြန့်လိုက်မှာ စိုးရိမ်လို့ပါ။ တစ်ချို့ ကောလဟာလတွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တစ်ယောက်ယောက်က မင်းကို မလိုမုန်းထားနေသရွေ့ တဖြည်းဖြည်းနဲ့ အမှန်ဖြစ်လာလိမ့်မယ်။"

ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် နေ့စဉ်နှင့်အမျှ မမှန်မကန် ကောလဟာလများ ရှိနေတတ်သည်။ ထိုကောလာဟလများကို ပါဝင်ပတ်သက်နေသော ကာယကံရှင်များအပေါ် သက်ရောက်မှုမရှိအောင် တားဆီးရန် နည်းလမ်းတစ်ခုသာရှိ၏။ ၎င်းက ကောလာဟလများကို ဖြန့်ရန် အခွင့်အရေးမပေးခြင်းပင်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now