အခန်း (၅၃)

1.5K 231 12
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၅၃)/ ဇီဟွေ့

မနက်ခင်း မင်းလွင်မြူခိုးတို့အကြား၊ ခရမ်းနုနု ပဲနွယ်ပန်း အနွယ်တို့အလယ် အစိမ်းရောင် ဝတ်ရုံနဲ့ မိန်းကလေးတစ်ယောက် မလှုပ်မယှက် ရပ်နေရင်း သူမကိုယ်ပေါ် ပဲနွယ်ခရမ်းတို့ ခကြွေနေစေလိုက်တယ်။ သူမက တိတ်တဆိတ် ပြုံးလျက်သာနေတယ်။

"မင်းက ဘယ်သူလဲ"

"တို့နာမည်က ကျင်လော့၊ ရှင်က ဘယ်သူတုန်း"

'ဘယ်သူလဲ'

ညတိုင်းညတိုင်း ကိုရင်လေးမှာ ရုတ်တရက် မျက်လုံးပွင့်လာရတယ်။ ဒီမျက်လုံးတွေထဲမှာတော့ တစ်စုံတစ်ရာ လစ်ဟာနေဟန်နဲ့ပေါ့။

ထိန်ထိန်သာနေတဲ့ လရောင်ကတော့ ပြတင်းဟဟဆီကတဆင့် အခန်းထဲ သက်ဆင်းတိုးဝင်လို့ ကိုရင်လေး မျက်နှာကို ဖြူဖျော့နေသယောင် ထင်ရစေတာပေါ့။ သူ အိပ်ရာထဲ ဟိုသည်လှိမ့်ရင်း စောင်ပုံကြားထဲ တိုးကာကွေးနေမိတော့တယ်။ အဲဒီအိပ်မက်ပါပဲ။ အဲဒီမိန်းကလေးဖြစ်နေပြန်တာပဲ။ သူ နိုးလာတဲ့အခါတိုင်းမှာ သူမ နာမည်ကို မမှတ်မိသလို၊ သူမ သွင်ပြင်ကိုလည်း ပြန်စဉ်းစားလို့ မရနိုင်ဘူး။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ ရှင်းပြအဖြေရှာမရတဲ့ ရင်းနှီးနေတဲ့ ခံစားချက်မျိုးရနေတယ်။ သူမကို သိကျွမ်းခဲ့ဖူးသလိုမျိုး။

"အိမ်း... ဝူနျန် အိပ်မက်တွေ မက်နေပြန်တာလား" သူနဲ့ တစ်ကွပ်ပျစ်တည်းမှာ ကျိန်းတဲ့ ကိုရင်ကြီးက မေးလာတယ်။ "ကျုပ်စောင်ကို မဆွဲနဲ့နော်"

[无念(Wúniàn)/ ဝူနျန် - အတွေးမရှိ၊ တမ်းတမှု မရှိ။ သူ့နာမည် အဓိပ္ပာယ်က သူ့မှာ ဘာ အမှတ်ရစရာ သတိရစရာမှ မရှိဘူးလို့ ဆိုလို]

ဝူနျန် ဗလုံးဗထွေး ပြောလိုက်တော့တယ်။ "တောင်းပန်ပါတယ် အရှင်"

သူ့မှာ အိပ်မက်စွဲမက်တဲ့ ဝေဒနာ စွဲကပ်နေတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်မပျော်နိုင်ဘူး။ တစ်ခါတလေမှာ အော်ရင်းဟစ်ရင်းလည်း သူ လန့်နိုးလာရတတ်တယ်။ သူ့မိသားစု ဆွေမျိုးညာတိတွေက သူ့ကို မကောင်းဆိုးဝါး ဖမ်းစားခံရတယ်ထင်ကြတော့တာပဲ။ ဒါကြောင့် သူ ငယ်ငယ်လေးကတည်းက တောင်ပေါ်က ဘုန်းကြီးကျောင်းမှာ သွားအပ်ထားလိုက်တော့တာ။

ကြမ္မာ ခုနစ်လီWhere stories live. Discover now