အခန်း (၉)

1.8K 258 11
                                    

အခန်း (၉)

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

____

နောက်တစ်နေ့မှာ နန်းတော်ကနေ အမိန့်တော်စာ ရောက်လာခဲ့တယ်။ အမိန့်တော်မှာပါတာက တတိယမင်းသားကို ငါ လက်ထပ်မဲ့ ကိစ္စအကြောင်းကြောင့် ငါ နန်းတော်ကို ကြိုဝင်ပြီး ကျင့်ဝတ် အနေအထိုင်အပြုအမူတွေ ထုံးစံဓလေ့တိုင်းဖြစ်အောင် သင်ယူရမယ်တဲ့လေ။ ရှင်ဘုရင်ရဲ့ အမိန့်တော်က ရှင်းပါတယ်။ ငါ နန်းတော်ထဲမှာ သွားနေသရွေ့ သူ နယ်စပ်က တော်လှန်ရေးကို သွားနှိမ်နင်းတဲ့အချိန် အဖေစုန့် တစ်ခုခုကြံစည်မှာကို ပူစရာ မလိုဘူးဆိုတဲ့ သဘောပေါ့။ ဘာလို့ဆို အဖေစုန့် ဆန့်ကျင်ဖို့ ကြံစည်တာနဲ့ အရင်ဆုံး သေလိုက်ရမဲ့သူက ငါ ဖြစ်နေလို့။ ငါက ဓားစာခံဖြစ်နေလို့။ အတော်ကောင်းလိုက်တဲ့ အကြံ။

အမိန့်တော်လာကြေညာတဲ့ မိန်းမစိုးကြီး ပြန်သွားတာနဲ့ အဖေ့မျက်နှာ မကောင်းတော့ဘူး။ ငါ သူ့ကုတင်ဘေးမှာ ထိုင်လိုက်ရင်း တီးတိုးပြောမိတယ်။ "ဖေဖေရယ် ဖေဖေသာ သက်ရှိထင်ရှား ကျန်းမာနေမယ်ဆိုရင် မင်းကြီးက သမီးကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် ဖေဖေ ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်... အသက်ရှည်ရှည် အိုမင်းတဲ့ အထိနေပြီး မင်းကြီး စိတ်ရှုပ်အောင်လုပ်ရမယ်"

အဖေစုန့် သက်ပြင်းအကျယ်ကြီး ချပြန်တယ်။ ရှုံ့တွ ပိန်လှီနေပြီ ဖြစ်တဲ့ လက်တစ်ဖက်ကို မြှောက်ပြီး ငါ့ခေါင်းပေါ် အသာတင်ထားလိုက်တယ်။ ငယ်ငယ်တုန်းက ငါ့ကို ခေါင်းပွတ်ပေးဖူးသလိုမျိုး။

"ယွင်ရှန်းလေးတောင် ရင့်ကျက်လာပြီပဲ"

ငါ အဖေစုန့်နားမှာ ငြိမ်ငြိမ်ကလေး ဆက်အဖော်ပြုပေးနေမိတယ်။ သူ ဆက်ပြီး မနေနိုင်တော့ဘဲ အိပ်ပျော်သွားတဲ့ အထိပေါ့။ အဲဒီအခါမှ ငါ အိမ်တော်က ထွက်လာပြီး နန်းတော်ကပို့လာတဲ့ ဝေါယာဉ်နီပေါ်တက်ကာ နန်းတွင်း ဝင်လာလိုက်တော့တယ်။

ငါ ဘုရင်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ အထိန်းတော်မှူးကြီးက ငါ့ကို ကြင်ယာတော်အဆောင်လွတ်တစ်ခုမှာ နေရာချပေးတယ်။ အဲဒီအဆောင် နံရံရဲ့ အခြားတစ်ဖက်မှာ အပယ်ခံအအေးနန်းဆောင်များ ရှိနေတာလားတော့ မသိဘူး။ ညညဆို မိန်းမတစ်ယောက် ငိုနေသံ အမြဲကြားရတယ်။ ငါကတော့ သူ့ငိုသံကို သာယာတယ် ထင်မိလာတယ်။ ငါ့အတွက်တော့ အိပ်ရာဝင် ချော့တေးလိုပဲ။ ညတိုင်း ညတိုင်း ငါ သူ့ငိုနေသံနားထောင်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်ရတယ်။

ကြမ္မာ ခုနစ်လီWhere stories live. Discover now