၃၅

1.3K 192 21
                                    

Unicode

ကျန်းမြောင်မြောင်၏ ဒဏ်ရာများက အလွန် ပြင်းထန်ပေသည်။

သူမ၏ လည်ပင်းတဝိုက်မှ အရေပြားနှင့် ပခုံးတို့က မှန်ကွဲစများနှင့် အဖြတ်ခံထားရသလို ဒဏ်ရာသေးသေးလေးများ ရှိနေသည်။ သူမ၏ ဒဏ်ရာများထဲတွင် မှန်ကွဲစများ စိုက်ဝင်နေသေးသည်။ လုချီမင်က ဓာတ်မီးကို အသုံးပြု၍ သေချာကြည့်ကာ ၎င်းတို့ကို သန့်ရှင်းရန်အတွက် တစ်နာရီကျော်ကြာအောင် အချိန်ယူလိုက်ရသည်။


သူမ လက်များပေါ်တွင် ဆီပူကြောင့် လောင်ကျွမ်းခံလိုက်ရသည့် အပူလောင်ဒဏ်ရာလေးများလည်း ဒါဇင်ထက်မနည်း ရှိနေခဲ့သည်။

သူက အပ်ကို အပူပေး၍ အပူဖုများကို ဖောက်ပေးလိုက်သည်။ သူမက နာကျင်မှုကြောင့် အံကို တင်းတင်း ကြိတ်ထားရလေသည်။


ကမ္ဘာပျက်ကပ်မတိုင်ခင်က ကျန်းမြောင်မြောင်သည် ဆေးပလတ်စတာ၊ အဖျားပျောက်ဆေး၊ ပိုးသတ်ဆေးရည် အစရှိသဖြင့် ရိုးရှင်းသော ဆေးများကို ဝယ်ယူစုဆောင်းထားခဲ့ပေသည်။


လုချီမင်က ထိုသည်းမခံနိုင်ဖွယ်ကောင်းသည့် ဒဏ်ရာများကို လေးနက်သောအမူအရာဖြင့် ကြည့်နေရင်း ဆေးပလတ်စတာကပ်ရန် ကူညီပေးနေသည်။


"ဆေးပလတ်စတာလေး ကပ်ထားရုံနဲ့ မလုံလောက်ဘူး။ ဒဏ်ရာတွေက အများကြီး ရှိနေပြီး ရာသီဥတုက တဖြေးဖြေး ပူလာနေတာ။ ရောင်လာလိမ့်မယ်။"

ကျန်းမြောင်မြောင်က အိပ်ရာပေါ်တွင် လှဲနေရင်း စိတ်ရှုပ်စွာနှင့် ပြောလိုက်သည်။ "အဲဒီတော့ ဘာလုပ်နိုင်မှာမို့လို့လဲ။"


"ငါ အပြင်ထွက်ပြီး ဆေးသွားရှာလိုက်မယ်။"


သူက ပြောပြီးနောက် ထွက်သွားရန်ပြင်လိုက်စဥ် သူမက သူ့ကို အလျင်အမြန် ပြန်ဆွဲထားလိုက်သည်။


"ရူးနေလား။ အခု ဇွန်ဘီတွေက အရမ်းကို ရက်စက်ကြမ်းကြုတ်နေတာ မတွေ့ဘူးလား။ နင် အပြင်ထွက်သွားရင် ကိုယ့်သေတွင်းကိုယ် သွားတူးနေတာနဲ့ မတူဘူးလား။"

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now