Chapter - 41

4.6K 728 9
                                    

|| Unicode||

ချိုးကျင်းက ဖျားနာမှာ‌ကို ကြောက်ရွံ့တာကြောင့် ရိုက်ကူးရေးပြီးကတည်းက ချက်ချင်း ရေချိုးခဲ့တာဖြစ်သည်။ ဒါပေမယ့်လည်း သူ.... ဒီလောက် ဂရုစိုက်နေတဲ့ကြားထဲက အအေးမိသွားခဲ့လေသည်။

နောက်နေ့မနက်ခင်း သူနိုးလာတဲ့အချိန် တစ်ခုခုက မှားယွင်းနေတာကို သူသတိထားမိခဲ့သည်။ သူ့ရဲ့လည်ချောင်းက ခြောက်သွေ့နေခဲ့ပြီး သူ့ရဲ့ခေါင်းကလည်း အနည်းငယ် မူးဝေနေခဲ့လေသည်။ ဖြစ်နိုင်တာကတော့ သူအအေးမိသွားတာဖြစ်မည်ပင်။ မနက်ခင်းမှာ ရိုက်ကူးရေးမရှိတာကြောင့် ရိုက်ကူးရေးကို ကြန့်ကြာမှုမဖြစ်စေတာကတော့ တော်သေးတယ်လို့ ပြောရမည်။ ချိုးကျင်းက လွီဝေ့ဆီကို ဖုန်းခေါ်ဖို့လုပ်နေတဲ့အချိန်မှာပဲ သူ့ရဲ့ဟိုတယ်အခန်းတံခါးက ပွင့်လာကာ လွီဝေ့တစ်ယောက် မနက်စာကိုင်ရင်း အခန်းထဲဝင်လာခဲ့လေသည်။

"နိုးလာပြီလား? ကော.... မနက်စာ စားလို့ရပြီနော်!"

ချိုးကျင်းက ကိုင်ထားတဲ့ဖုန်းကို ပြန်ချလိုက်ရင်း လွီဝေ့ကို စကားပြောဖို့လုပ်လိုက်ပေမယ့် သူ့လည်ချောင်းက အသံတစ်သံ ထွက်မလာတဲ့အထိ ခြောက်သွေ့နေခဲ့သည်။

လွီဝေ့ကတော့ သူ့ရဲ့ထူးခြားနေမှုကို သတိမပြုမိပဲ ဒီနေ့ရိုက်ကွင်းကို ဝတ်သွားဖို့အတွက် အင်္ကျီရွေးနေရင်း စိတ်လှုပ်ရှား‌ ပျှော်ရွှင်နေသောအသံဖြင့် စကားတွေပြောနေခဲ့သည်။

"ကော... သိလား? ကောအခု အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပြန်ပြီ! ကောမနေ့တုန်းက မိန်းကလေးဝတ်စုံနဲ့ ရေထဲမှာ သရုပ်ဆောင်ရတာရှိတယ်လေ! အဲ့ဒီ့ကောရဲ့ ရေစိုနေတဲ့ပုံစံကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်လိုက်တာ အခုအဲ့ဒီ့ပို့စ်ကို ပြန်တင်နေတဲ့လူတွေက ထောင်ချီနေပြီ!"

ချိုးကျင်းက ခြောက်သွေ့နေတဲ့ လည်ချောင်းထဲသို့ တံတွေးအနည်းငယ် မျိုချကာ လည်ချောင်းရှင်းကြည့်လိုက်တဲ့အခါမှာတော့ အသံပြန်ထွက်လာနိုင်ခဲ့တော့သည်။ သို့ပေမယ့် အားမရှိသေးတာကြောင့် နွမ်းလျနေသောအသံဖြင့်သာ လွီဝေ့အား ပြန်ပြောနိုင်ခဲ့လေသည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now