Ch-200

1.1K 112 0
                                    

အခန်း(၂၀၀) - တစ်ခုခုပေါက်ကွဲသွားသလို သူမရဲ့ကမ္ဘာကို အမှောင်ထုကြီး ဝန်းရံသွားခဲ့သည် (၁)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဖန့်ကျွင်းရုံရဲ့ပစ်မှတ်မှာ အလွန်အလားအလာကောင်းပုံပေါ်သည့် နံပါတ် ၁၃၄ ကျောက်အရိုင်းတုံးဖြစ်သည်။ ထိုကျောက်အရိုင်းတုံးကို တစ်ဝက်ဖြတ်တောက်ထားပြီး လူတွေရှေ့ပြသထားတဲ့အပိုင်းဟာ ဖန်လိုကြည်လင်တောက်ပနေသည့် အရည်အသွေးရှိကာ အလွန်ကောင်းမွန်သည်။ အပြင်ဖက်အလွှာသည် သံပုရာခွံလိုပင် ကွဲအက်နေတာမျိုး မရှိပေ။ အရမ်းအရမ်း ကောင်းမွန်တယ်လို့ ဆိုရပေမည်။ ထိုကျောက်စိမ်းတုံး၏စျေးနှုန်းသည် ယွမ် ၂၈ မီလီယံ ဖြစ်သည်။

သို့သော် ဖန့်ကျွင်းရုံသည် ဒီကျောက်အရိုင်းတုံးမှာ ပေါ်နေသည့် ကျောက်စိမ်းသည် အပေါ်ယံမျှသာဖြစ်ပြီး အတွင်းမှကျောက်စိမ်းဟာ မရှိသလောက်ပါးလွှားတယ်ဆိုတာကို သိလေသည်။ ဒါက ပိုင်ရှစ်ယွင်အတွက် ပြီးပြည့်စုံသော နမူနာဖြစ်ပြီး ကျောက်အရိုင်းတုံး၏အတွင်းပိုင်းသည် ၎င်းကို အပြင်ပန်းမှမြင်ရသော အရာများနှင့် မကိုက်ညီသည်မှာ သိသာထင်ရှားပါသည်။

ဖန့်ကျွင်းရုံက မဆိုင်းမတွပဲ "၅၀ မီလီယံ" လို့ စျေးပေးလိုက်သည်။

စတင်ခေါ်ဆိုသောစျေးနှုန်း၏ နှစ်ဆနီးပါး ပေးလိုက်သော ပမာဏသည် လူတိုင်းကို အသက်ရှုကျပ်စေခဲ့သည်။

ဖန့်ကျွင်းရုံ၏အသံသည် အလွန်တရာ မကျယ်သော်လည်း လေလံပွဲတစ်ခုလုံး တိတ်ဆိတ်နေသည်ဖြစ်၍ ပိုင်ရှစ်ယွင်ကြားဖို့ လုံလောက်ပါသည်။ "ဒါက အလားအလာ တော်တော်ကောင်းမယ့်ပုံပဲ။ အသားအရေထိန်းသိမ်းဖို့အတွက် အထူးသင့်တော်မယ့်ပုံပဲ။"

ပိုင်ရှစ်ယွင်က "အသားအရေထိန်းသိမ်းဖို့" ဆိုတဲ့ စကားကို ပြန်မကြားယောင်မိပဲ မနေနိုင်ခဲ့ဘူး။ သူမက အံတင်းတင်းကြိတ်ကာ သူမရဲ့လေလံကတ်တွင် "၇၈ မီလီယံ" ဟု တိုးပေးလိုက်သည်။

ဒီကျောက်ကို စိတ်ဝင်စားနေတဲ့ တခြားသူတွေက သူတို့မျက်လုံးတွေကို စုံမှိတ်ထားဖို့သာ တတ်နိုင်သည်။ ဒီလူနှစ်ယောက်က သူတို့မျှော်မှန်းထားတာထက် စျေးနှုန်းကို တန်းမြှင့်လိုက်ကြတော့ သူတို့ လက်လျော့ရန်ကို ရွေးချယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ နောက်ဆုံးတော့ သူတို့အားလုံးမှာ သုံးစွဲဖို့ငွေကြေးပမာဏက အကန့်အသတ်ရှိတယ်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now