Ch-243

482 70 0
                                    

Unicode

အခန်း (၂၄၃) - တစ်စုံတစ်ယောက်က ဖန့်ကျွင်းရုံရဲ့ အလှအပဆေးလုံးတွေကို ရောင်းချနေတာလား (၃)
စာရေးသူ - Zhái Miāo (宅喵)
ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ခုနစ်ရက်မြောက်နေ့မှာတော့ သူမ ဆိုင်သို့ ပြန်လာကြည့်ခဲ့သည်။ ဒီတစ်ခါမှာတော့ သူမကိုယ်သူမ ဦးထုပ်၊ နေကာမျက်မှန်တို့ဖြင့် ဖုံးကွယ်ထားဖို့ သတိရမိသည်။ သူမ ဒီအကြောင်းကို နည်းနည်းလောက် စဥ်းစားမိပြီး ပဝါတစ်ထည်လောက် ထပ်ထည့်လိုက်သည်။ သူမကိုယ်သူမ မှန်ထဲ ပြန်ကြည့်လိုက်သည်။ အရမ်းကောင်းတယ်၊ ဒီလိုမျိုးဆို သူမကို ဘယ်သူမှ မှတ်မိတော့မှာ မဟုတ်ဘူး။

ဖန့်ကျွင်းရုံ ဆိုင်သို့ တဖန် ပြန်သွားသောအခါတွင် လူအုပ်ကြီးဟာ အရင်ကထက် ပိုမိုများပြားလာသည်ကို တွေ့ရှိခဲ့ရသည်။ သူမ အနည်းငယ် စဥ်းစားကြည့်ပြီးနောက် ဒီအကြောင်းရင်းကို သူမ နားလည်သွားသည်။ တကယ်တော့ အလှအပဆေးလုံးတွေဟာ စျေးကွက် အခြားအလှကုန်တွေနဲ့ မတူပါဘူး။ အခြားအလှကုန်တွေက အကျိုးအာနိသင်ကို မြင်ရန် တစ်လခန့် အနည်းဆုံး ကြာမြင့်သော်လည်း အလှအပဆေးလုံးတွေကတော့ ရက်အနည်းငယ်အတွင်း အသားအရေ ပြောင်းလဲမှုများကို သိသိသာသာ မြင်တွေ့နိုင်သည်။ ဒီခုနစ်ရက်အတွင်းမှာပင် ဒီရလဒ်က စျေးဝယ်သူတွေကို အံ့အားသင့်စေဖို့ လုံလောက်နေခဲ့ပြီ။
ဖန့်ကျွင်းရုံဟာ လူတန်းရှည်ကြီးကို တိတ်တဆိတ် ကြည့်နေခဲ့သည့် အချိန်တွင် သူမဘေးနားက တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သံကို ကြားလိုက်ရသည်။
"ကောင်မလေး၊ ဒီကို မြန်မြန်လာတန်းစီလှည့်။ အခု တန်းစီမနေဘူးဆိုရင် ဒီနေ့ နင့်အတွက် ဘာပစ္စည်းမှ ရနိုင်တော့မှာ မဟုတ်ဘူး။" လူတန်းရှည်အဆုံးမှ ဆံပင်အညိုရောင်ရှိသည့် မိန်းကလေးက သူမကို ပြောလိုက်သည်။ သူမမျက်နှာပေါ်ရှိ အစက်အပြောက်တွေက သူမကို ရယ်ရွှင်မြူးစရာ အသွင်ကို ဖော်ဆောင်နေခဲ့သည်။

"ဟုတ်တယ်၊ နင်လည်း ဒီကို သူတို့ရဲ့ ထုတ်ကုန်တွေ ဝယ်ဖို့ ရောက်လာတာမလား။ ဒါမှမဟုတ် နင် စျေးနှုန်းနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမလို့လား။ ဒီအလှအပဆေးလုံးတွေက အခုအချိန်အထိ ငါ သုံးစွဲဖူးသမျှ ထုတ်ကုန်တွေအထဲမှာ အကောင်းဆုံး အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန်တစ်ခုပဲ။ ငါ ဒါကို သုံးစွဲခဲ့တာ ရက်အနည်းငယ်သာ ကြာမြင့်သေးပေမယ့် အကျိုးရလဒ်ကတော့ အံ့အားသင့်စရာပါပဲ။"
"ကြည့်ပါလား။ ဒါက ငါ့ရဲ့ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ဓာတ်ပုံပဲ။" ဒီမိန်းကလေးက လူတိုင်းကို နွေးထွေးသွားစေနိုင်သည့် မိန်းကလေးပင်။ ဓာတ်ပုံထဲက သူမရဲ့ ရုပ်ပုံတွင် ပါးပြင်ပေါ်မှာ ဝက်ခြံ အများကြီး ပေါက်နေပြီး အများစုကတော့ ပျောက်ကင်းလုနီးပါး ဖြစ်နေခဲ့သည်။ ယခု မြင်တွေ့နေရသည့် သူမရဲ့ အပြုံးတွေဟာ ဓာတ်ပုံထဲက အပြုံးတွေထက် အများကြီး ယုံကြည်မှု ရှိနေခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now