၁၁။ ရွှေပေါ်မြတင် (၁၁)

448 96 0
                                    

ရွှေပေါ်မြတင် (၁၁)
~~~~~~~~~~~~~~

အဆောင်မှူးဆရာမက စုယိယိကို လှမ်းကြည့်လိုက်တော့ သူမ နဖူးပေါ်က ယောင်နေသည့် ဖုလုံးကို တွေ့လေတော့သည်။ သူမ မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။

"စုယိယိ၊ မင်းကို ဘယ်သူ တွန်းလိုက်တာလဲ"

စုယိယိ ကုတ်ကုတ်ကလေးဖြစ်သွားကာ မျက်လုံးထောင့်ကပ်၍ ရှီရှန်းကို ကြည့်လိုက်သည်။ ပြီးမှ ခေါင်းခါပြလေသည်။

"ဘယ်သူမှ မတွန်းပါဘူး၊ သမီးဘာသာ လဲကျတာပါ"

ဤသို့ သိသိသာသာ 'ဖုံးကွယ်ဖို့ ကြိုးစား'သည့် လုပ်ရပ်ကို ဆရာမက အသေအချာမြင်လိုက်လေသည်။

"မလိမ်နဲ့၊ သူက သမီးကို တွန်းလိုက်တဲ့တစ်ယောက်လား..."

စုယိယိမှာ လူတိုင်းနှင့် အမြဲသင့်မြတ်သည့် ကျောင်းသူမျိုးဟု သူမ လက်ခံထားသည်။ တစ်ဖက်က အခြားကျောင်းသူကတော့ မည်သူနှင့်မျှ မတည့်သဖြင့် တစ်ကိုယ်တည်းဖြစ်နေဟန် တူသည်။ ထိုမိန်းကလေးကို ဇိမ်ခံကားကြီးများက လာ လာခေါ်သွားပြီး ပြန်လာလျှင် သွားတုန်းကနှင့် အဝတ်အစားမတူတော့သည်ကိုလည်း သူမ သတိထားမိသည်။ 'ဒီလို ကျောင်းသူမျိုးတွေ ငါ တွေ့ဖူးသားပဲ'

ထိုသို့တွေးမိသော ဆရာမသည် စုယိယိကိုသာ ဘက်လိုက်လိုစိတ်ရှိနေသည်မှာ မဆန်းတော့။

"မဟုတ်ဘူး၊ အဲ့ဒါက အဲ့သလို. . ." စုယိယိကတော့ ရှင်းပြဖို့ 'ကြိုးစား'နေဆဲ။

"ယိယိ၊ နင် ဘာလို့ သူ့ကို လိုက်ကာပြောပေးနေတာလဲ၊ ဆရာမ... အဲ့ဒါ သူ တွန်းလိုက်တာ၊ သမီးနဲ့ ရှနင်း မျက်မြင်သက်သေ လုပ်ပေးလို့ရတယ်"

ရှနင်း တစ်ခဏတော့ တုံ့ဆိုင်းနေမိသော်လည်း ဤကိစ္စကြီးတစ်ခုလုံး မိမိနှင့် မသက်ဆိုင်သကဲ့သို့ ပြုမူနေသော ရှီရှန်းကို တွေ့သောအခါ စိတ်ခုသွားမိကာ ခေါင်းညိတ်လိုက်တော့သည်။

"မင်းနာမည် ဘယ်လိုခေါ်သလဲ"

ဆရာမက ရှီရှန်းကို ကြည့်လိုက်သည်။ သူမ စုယိယိနှင့် အန်အန်းကိုသာ ယုံကြည်လိုက်ကြောင်း သူမ၏ အမူအရာများက ပြတ်ပြတ်သားသား ဖော်ပြနေလေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now