ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၃)
~~~~~~~~~~~~~~~~~~~~~~~~ရှီရှန်းနှင့် သူ့အဖော်တို့ ထွက်သွားသည်နှင့် ဥက္ကဋ္ဌ ဒေါသထွက်ကျန်ခဲ့သည်ကို အားလုံးသိကြသည်။ သူတို့ ဘာတွေ ပြောဖြစ်ခဲ့သည်ကိုတော့ မည်သူမျှ မသိကြ။ သူတို့သိတာက ကုမ္ပဏီမှ ကျန်းဝမ်နှင့် စာချုပ်များ ဖျက်သိမ်းလိုက်ပြီဆိုသည်မျှသာ။ ထန်းယင်ပါ နုတ်ထွက်သွားသည်။
ရှမန်က ကားမောင်းနေသည်။ ရှီရှန်းက ဘေးခုံမှာ ထိုင်၍ ထန်းယင်က နောက်ခုံမှာ ထိုင်လိုက်သည်။
အခုချိန်ထိကို သူ အံ့သြမင်သက်လျက် ရှိနေဆဲ။ CEO ရုံးခန်းထဲ ဝင်ကတည်းက သူ စကားတစ်ခွန်းမှ မပြောရသေး။ သူ့အနုပညာရှင်နှင့် ရှမန်နှစ်ယောက်ပေါင်း၍ ရှီမော့ကို ရင်ဆိုင်ချေပနေသည်များကိုသာ သူ နားထောင်လာခဲ့ခြင်း ဖြစ်သည်။ စာချုပ်ကိစ္စ ဖြေရှင်းလိုက်ကြရုံသာ မက၊ သူ့ကိုပါ တူးထုတ်[၁]လာခဲ့ကြသည်တဲ့လား။
([၁] သူ့ကိုပါ သိမ်းသွင်းပြီး အပါခေါ်လာကြတာကို ပြောတာ)
"ကုမ္ပဏီနေရာအသစ်ကို ရွေးပြီးသွားပြီ၊ အရင်းအနှီးငွေတွေလည်း အသင့်ပဲ"
ရှီရှန်းကတော့ ထန်းယင်စိတ်ထဲ ဖြစ်ပျက်နေသမျှကို မသိကျိုးကျွံပြုကာ ခေါင်းငုံ့လျက်သာ သူမ၏ Notebook ထဲ စာအချို့ရိုက်ထည့်နေလေသည်။
"နောက်လိုတာဆိုလို့ အနုပညာရှင်တွေပဲ ကျန်ပြီ"
"အင်း၊ ဒါအတွက်တော့ ငါတို့ သိကျွမ်းတဲ့သူ ခေါ်မှ ဖြစ်မယ်ထင်တယ်"
ရှမန် စိတ်ထဲက သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သော တစ်လခန့်က သူမ အမေဘက်မှ ရလာသည့်အမွေများအားလုံး ရှီရှန်း လက်သို့ လွှဲပေးထားခဲ့သည်။ ငွေသားချည်း လည်ပတ်နေသည့် တန်ဖိုးပမာဏသည်ပင် မနည်းမနော။ ရွှေ့ပြောင်းမရသော အိမ်ခြံ မြေရာများနှင့် အမာအတုံး[၂]များပါ ထည့်တွက်လျှင် ဒေါ်လာ သန်း ၅၀ ဝန်းကျင်လောက်ပင် ရှိသည်။
([၂] ကျောက်မျက်ရတနာ၊ ရွှေတုံးရွှေခဲ)
အခုပြောနေတာက သန်း ၅၀ အကြောင်း၊ ၅ သန်းလည်း မဟုတ်။ ထိုစဉ်တုန်းက သူမ ကျန်းဝမ်ကို ဘာကြောင့် ယုံခဲ့မိမှန်း မသိတော့။ သူမ ပြောပုံဆိုပုံက စကားကြီး စကားကျယ်တွေ၊ အရေးမစိုက်ဟန်တွေနှင့်။ သို့သော် သူမ စိတ်ရင်းအမှန်နှင့် ပြောသည်ကိုတော့ ကျန်းဝမ့် မျက်နှာထားမှာ ရှာတွေ့နိုင်ခဲ့သည်။ . . . . စိတ်ရင်းမှန်လွန်းသည့် မျက်နှာထားကြောင့် သူများက သူ့ကို အားကိုး ယုံကြည်ချင်စိတ်ပင် ပေါက်သွားစေနိုင်လောက်သည်။
YOU ARE READING
Boss အဆိပ်မပြင်းလွန်းနဲ့...! [Zawgyi]
RomanceSide Charecter Transmigration: Final Boss is no Joke ကို ဘာသာပြန်ထားတာပါ။ Zawgyi Ver. ပါ။ Unicode Ver. က သက်သက်ရှိပါတယ်