၁၂၅ ။ ဆေးမှန်မှန်သောက် (၆)

288 60 0
                                    

ဆေးမှန်မှန်သောက် (၆)
~~~~~~~~~~~~~~

ပေကျယ်နှင့် ကျိရှောင်ယွီတို့ ပေါင်းစည်းသည့်အချိန်ကာလရောက်နေတုန်း ရှီရှန်းမှာလည်း အခြားလုပ်စရာရှိနေခဲ့သည်။

ကျိရှောင်ယွီကလည်း သူမငယ်ရွယ်စဉ်တည်းက အမေသေသွားခဲ့၍ အဖေသာရှိခဲ့သည်။ သို့ပေသော်ငြား သူမ၏ ဤအဖေမှာ အမြဲအလုပ်ရှုပ်နေခဲ့ကာ သူမအား မကြာခဏလျစ်လျူရှုခဲ့သည်။ ကျိရှောင်ယွီသည် မိခင်၏ သေဆုံးမှုကြောင့် ဖခင်နှင့် စိမ်းသက်သွားခဲ့၍ ဆက်ဆံရေးမှာ ခိုင်မြဲမှုမရှိပေ။

ပါပါးကျိက ထီလက်မှတ်များ ဝယ်ရခြင်းကို ဝါသနာပါသည်။ အလုပ်ဆင်းပြီးနောက် သူ နေ့စဉ်ဝယ်နေကျ ထီလတ်မှတ်ကိုကိုင်လာစဉ် ဆိုင်အဝင်ဝတွင်မိန်းကလေးတစ်ယောက်နှင့် တိုးမိလေသည်။ သူ သေချာခပ်တင်းတင်းမကိုင်ထားသည့် လက်မှတ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။

"မင်းကန်းနေတာလား...! ဒီမှာလမ်းလျှောက်နေတဲ့လူရှိတာ မမြင်ဘူးလား...!" ပါပါးကျိက ဆူလေသည်။

"ကျွန်မတောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်" မိန်းကလေးက အလျင်အမြန်လက်မှတ်ကို ကောက်ယူလိုက်ကာ သူ့ကိုပြန်ကမ်းပေးလိုက်သည်။

"နောက်ဆို လမ်းကြည့်ပြီးသွား" ပါပါးကျိက အကြမ်းပတမ်း ပြန်ဆွဲယူလေသည်။ "ဒီနေ့ခေတ်လူငယ်လေးတွေဟာလေ အရမ်းကို ပျာယာခတ်နေကြတာပဲ"

"ကျွန်မတောင်းပန်ပါတယ်၊ ထပ်မဖြစ်စေရတော့ပါဘူး" မိန်းကလေးက ပြေးမထွက်သွားခင် ဆက်တိုက်တောင်းပန်သွားသေး။

ထောင့်ဘက်ထဲချိုးဝင်သွားပြီးနောက် မိန်းကလေးက ကော်ဖီဆိုင်ဆီဦးတည်သွားပြီး မျက်နှာထိမျက်နှာထား ပြောင်းလဲမှုမရှိသော အမျိုးသမီးငယ်လေးတစ်ယောက်ရှေ့  ထိုင်ချလိုက်တော့သည်။

ထိုအမျိုးသမီးငယ်ကတော့ ရှီရှန်းဖြစ်၏။

"ဒီမှာပါ" မိန်းကလေးက ထီလက်မှတ်အား ရှီရှန်းဆီ တိုးပေးလိုက်သည်။ "ပိုက်ဆံကရော"

ရှီရှန်းသည် အိတ်ထဲမှ ဘဏ်လက်မှတ်အချို့ကိုထုတ်လာပြီး သူမကိုပေးလိုက်သည်။ ပိုက်ဆံကိုရရှိပြီးနောက် မိန်းကလေးမှာ ထွက်သွားလေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now