၈၆။ ယုရှောင်း

423 88 1
                                    

ယုရှောင်း
~~~~~~~~

ငါ့ကို မြောက်ပိုင်းတောင်တန်းတွေရဲ့ အရှင်သခင်အဖြစ် တင်မြောက်ခဲ့တဲ့နေ့။
အဲ့ဒီ့နေ့ဟာ သူမ ကြီးကျယ်ခန်းနားစွာ လက်ထပ်ခဲ့တဲ့နေ့။ အဲ့ဒီ့နေ့ကစလို့ ငါတို့ရဲ့ ပတ်သက်မှုတွေ ဆုံးခန်းတိုင်သွားခဲ့ပြီလို့ ငါ ထင်ခဲ့တယ်။

ငါတို့တွေ ငယ်စဉ်ကတည်းက သိကျွမ်းရင်းနီးခဲ့တဲ့ ငယ်သူငယ်ချင်းတွေလို့ ပြောလို့ရတယ်။ ငယ်ကျွမ်းဆွေလို့ပြောရင် ငါ့ဘက်က တစ်ဖက်သက်များဖြစ်နေမလား။ ငါ သူမကို ဇနီးမယားအဖြစ် လက်ထပ်ယူမယ်လို့ စိတ်ကူးခဲ့ဖူးတယ်။ ငါတို့ရဲ့ ချစ်စရာ ရင်သွေးကလေးတွေနဲ့အတူ သက်တမ်းကုန်ဆုံးသည့်တိုင်၊ သက်ဆုံးတိုင် အတူရှိနေကြမယ်လို့ပေါ့. . .။ ငါ စိတ်ကူးတွေ ယဉ်ခဲ့ဖူးတယ်။

စိတ်မကောင်းစရာက လက်တွေ့ဆိုတဲ့အရာက ငါ့ကို ရက်ရက်စက်စက် ထိုးနှက်ခဲ့တာပဲ။ ဘယ်အချိန်ကတည်းကမှန်းမသိ၊ သူမ ငါနဲ့ တဖြည်းဖြည်းချင်း ဝေးကွာသွားခဲ့တယ်။ မဟုတ်ဘူး၊ တိတိကျကျ မသိုဝှက်စတမ်းပြောရရင် သူမ ငါ့အနားကနေ အဝေးကို တရွေ့ရွေ့ထွက်ခွာသွားခဲ့တာ။

ငါတို့ တစ်ခါတစ်လေ ဆုံဖြစ်တဲ့အခါမှာတောင် သူမနှုတ်ဖျားမှာ တဖွဖွနေရာယူထားတဲ့ နာမည်က တစ်ခုပဲ ရှိခဲ့တယ်။ ငါ့နာမည်တော့ မဟုတ်ဘူးပေါ့။ ငါနဲ့ ရင်းနီးမနေတဲ့ နာမည်တစ်ခု။

အဲ့ဒီ့လူအကြောင်း သူမ ပြောတဲ့အခါ သူမ မျက်နှာထားက ငါ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာထားမျိုးပဲ။ မရေရာမှုတွေ လွှမ်းနေပေမယ့် ချိုမြိန်ကြည်သာနေတယ်. . . .။

ငါ တစ်ခါ တစ်ခါ တွေးမိပါတယ်။ ငါ သူမကို နှစ်သက်တဲ့အကြောင်း ဖွင့်ဟခဲ့ရင်. . . သူမ ငါ့ကို အခွင့်အရေးတစ်စုံတစ်ရာ ပေးခဲ့မှာလား။

ဒါပေမယ့် ငါ့ဆင်ခြင်တုံတရားက ငါ့ကို စောဒကတက်ခဲ့တယ်။ ငါ သူမကို ဖွင့်ပြောလို့ မဖြစ်ဘူး၊ ငါ သူမကို ပြောလိုက်ရင် ငါတို့ သူငယ်ချင်းအဖြစ်နဲ့တောင် ဆက်ရှိနေနိုင်မှာ မဟုတ်တော့ဘူးလို့လေ။

သူမ အချစ်က နက်နဲလွန်း၊ နက်ရှိုင်းလွန်း၊ ရူးမိုက်လွန်းတယ်။ မီးလျံအနားတိုးကပ်သွားချင်တဲ့ ပိုးဖလံလေးတွေလိုပဲ။ သူမအပေါ်ထားရှိတဲ့ ငါ့ခံစားချက်တွေကိုသာ သူမ သိသွားရင် ငါနဲ့ အဝေးဆုံးကို သူမ ထွက်ခွာသွားမလားပဲ။ ဒါ ငါလိုချင်တဲ့ အခြေအနေမျိုးမဟုတ်ဘူး။ ဒါ့ကြောင့် ငါ ဘာမှ မပြောဖြစ်ခဲ့ဘူး။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now