Chapter - 73

3.5K 768 12
                                    

Unicode

အသီးအရွက်စုံဆားစိမ်ချဉ်စပ်
___________________

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှီချင်စားသောက်ဆိုင်ရဲ့ ပြန်လည်ဖွင့်ပွဲနေ့ရောက်ရှိလာခဲ့သည်။

စားသောက်ဆိုင်ကို ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး အခမ်းအနားက ကြီးကြီးကျယ်ကျယ်မဟုတ်ပေမယ့်လည်း လင်ရှုယီက အဲ့မနက်မှာ အစောကြီးထသည်။ ပြင်ဆင်ရမယ့်အရာအားလုံးနီးပါးကလည်း နေရာတကျဖြစ်နေပြီဖြစ်၏။ အဆုံးသတ်တော့လည်း ဖွင့်ပွဲကိုလာမယ့်သူတွေက အိမ်နီးနားချင်းတချို့နဲ့ရှန်မိသားစုသာဖြစ်သည်လေ။

လင်ရှုယီထပြီးနောက်မှာ ရှန်ဖူလည်းနိုးလာပြီး သူက ဖုန်းကိုကြည့်လိုက်သည်။ ခုနစ်နာရီသာရှိသေး၏။

"မင်း ဘာလို့ ဒီလောက်အစောကြီးထတာလဲ?"

"ကျွန်တော် နောက်ဆုံးတစ်ခေါက်လျှောက်ကြည့်ဖို့ ဆိုင်ကိုသွားမလို့။"

အပေါ်အင်္ကျီကိုဝတ်ဆင်ထားပြီးသည့်လင်ရှုယီကား ဖိနပ်ပြောင်းစီးနေလျက်ရှိချေသည်။

ရှန်ဖူက ဝုန်းကနဲထကာ မတ်တပ်ရပ်၏။

"နေဦး၊ ကိုယ် မင်းနဲ့လိုက်ခဲ့မယ်။"

ရှန်ဖူ့ရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့အိပ်ချင်မူးတူးအမူအရာကိုကြည့်ရင်း လင်ရှုယီ မရယ်ဘဲမနေနိုင်တော့ချေ။

"ခင်ဗျား အခုထိ အိပ်ချင်နေတုန်းမလား? ဘာလို့ ကျွန်တော်နဲ့လိုက်မှာလဲ?"

ရှန်ဖူက အင်္ကျီချွတ်ကာ ရေချိုးဖို့ ရေချိုးခန်းဆီသွားဖြင့်အလုပ်များလွန်းနေပြီး ပြန်မဖြေပါချေ။

"စောင့်ပါကွာ၊ ကိုယ် ခဏဆို အဆင်သင့်ဖြစ်ပြီ။"

ပထမတော့ လင်ရှုယီက ရှန်ဖူ့ကို နည်းနည်းပိုကြာကြာအိပ်ခိုင်းဖို့စီစဉ်ထားတာဖြစ်သည်။ ဆောင်းရာသီက အိပ်ဖို့အတွက် အတော်လေးသင့်တော်သည်၊ အထူးသဖြင့် အပြင်မှာ တရွှီးရွှီးတိုက်ခတ်နေသည့်လေအေးတို့ကြောင့်ပင်ဖြစ်၏။ ဒီလောက်မနက်အစောကြီးမှာ အပြင်ထွက်ဖို့အတွက် နွေးထွေးပြီးသက်တောင့်သက်သာရှိတဲ့စောင်တွေကို ထားရစ်ခဲ့တာက နှိပ်စက်ခြင်းတစ်မျိုးလို့ပင် တွေးလို့ရလုနီးပါးဖြစ်ပေသည်။ သို့သော်ငြား ရှန်ဖူက နိုးနေပြီဖြစ်ပြီးအဝတ်အစားလဲနေပြီဖြစ်တာကြောင့် လင်ရှုယီက ဘာမှထပ်မပြောတော့ချေ။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘေးနားမှာ ရှန်ဖူအဖော်ပြုပေးနေတာက ကောင်းသည်လေ။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now