Chapter 9 (U+Z)

7.4K 1.5K 64
                                    

-Unicode-

အခန်း ၉: ဘယ်လိုတောင် ရင်ထဲထိရလောက်တဲ့အထိ ဘာသာတရားကိုင်းရှိုင်းတဲ့ လူငယ်လေးလဲ

ဝမ်ရှောင်းယွင်က နှစ်နာရီလောက်ပဲ အိပ်ပြီးနောက် နိုးလာတယ်။

သူမျက်လုံးဖွင့်လာတာနဲ့ အပြစ်ကင်းစင်ပြီး လှပတဲ့ မျက်ဝန်းတစ်စုံကို ငေးကြည့်လိုက်တယ်။

ကျွမ်းကျိုးက ဒီတစ်ချိန်လုံး အိပ်ရာဘေးမှာ စောင့်ကြပ်ပေးနေခဲ့ပုံရတယ်။ ဝမ်ရှောင်းယွင် နိုးလာတာကိုမြင်တော့ သူ့မျက်နှာမှာ တောက်ပနေတဲ့ အပြုံးတစ်ခု ပွင့်လန်းလာတယ်။ "ဝမ်ရှောင်းယွင် နိုးလာပြီလား"

"အင်း" ဝမ်ရှောင်းယွင် ထထိုင်လိုက်တယ်။

ကျွမ်းကျိုးက သူ့ကို မေးတယ်။ "နေ့လယ်ခင်းတောင် ရောက်တော့မယ်။ ဒီတစ်ခေါက်ရော ကောင်းကောင်းအိပ်ပျော်ရဲ့လား"

ဝမ်ရှောင်းယွင်က ဆိုတယ်။ "မပျော်ဘူး"

သူ့ခေါင်းထဲမှာ ခြေစွပ် ၆၃ စုံက ထပ်ခါထပ်ခါ အသံလွှင့်နေတုန်းပဲ။

ဝမ်ရှောင်းယွင်က ခေါင်းနည်းနည်း ကိုက်နေတယ်။

ဒီတစ်ခေါက် သူတကယ်ကောင်းကောင်း မအိပ်ခဲ့ရဘူး။

ကျွမ်းကျိုးက သံသယစိတ်နဲ့ မေးလိုက်တယ်။ "ကောင်းကောင်းအိပ်မပျော်ပြန်ဘူးလား"

သူက အပြစ်မကင်းသလို စပြီးခံစားနေရတယ်။ သူ ဝမ်ရှောင်းယွင်ကို အိပ်မက်တွေအများကြီး ပေးလိုက်လို့များလား၊ ဒီလို နောက်ဆက်တွဲဂယက်မျိုး ချန်ထားခဲ့တာဆိုတော့။

နောက်ပြီး သူအရင်က သတိမထားမိတဲ့ အရေးကြီးတဲ့ အသေးစိတ်တစ်ချက် ရှိသေးတယ်။ သူအရင်က ဝမ်ရှောင်းယွင်ကို အိပ်မက်ပေးတုန်းက သူ့ရဲ့ကြယ်စုဘာသာစကားက သိပ်မကျွမ်းကျင်သေးဘူး။ အဲဒါကြောင့် မန်ဒရင်းဘာသာစကားနဲ့ပဲ ပြောလေ့ရှိတယ်။ အကြိမ်ပေါင်းများစွာ ကြုံတွေ့လိုက်ရပြီးတဲ့နောက် အဲဒါကနေ ဝမ်ရှောင်းယွင် ဖိအားတွေအများကြီးရသွားတာ ဖြစ်နိုင်တယ်။

ဝမ်ရှောင်းယွင်က ကျွမ်းကျိုး မျက်လုံးထဲက အပြစ်မကင်းဟန် အမူအရာလေးကို သတိမပြုမိဘဲ သူ့နဖူးကို ပွတ်သပ်နေတယ်။ သူက အမှုမဲ့အမှတ်မဲ့ ပြောလိုက်တယ်။ "အင်း အိပ်မက်ဆိုးမက်လို့ ဖြစ်နိုင်တယ်"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now