Chapter 56 (U+Z)

6K 1.1K 6
                                    

-Unicode-

အခန်း ၅၆: မနေ့ကတင် မဟုတ်ဘူး

ကြင်စဦးမောင်နှံရဲ့ မင်္ဂလာဦးညမှာ တတိယတပ်ဖွဲ့ရဲ့ ဒေါက်တာဝှိုက်ဟာ ဝမ်ရှောင်းယွင်ရဲ့အိမ်တော်ကို အလျင်စလို အပြေးလာခဲ့ရတယ်။

ဒေါက်တာဝှိုက် ကျွမ်းကျိုးရဲ့ အခြေအနေကို သေသေချာချာ စစ်ဆေးပေးပြီး တစ်ဖက်လူက လုံးဝ နေကောင်းတယ်ဆိုတာ အတည်ပြုပေးပြီးနောက်မှသာ သူ စိတ်အေးသွားသလို သက်ပြင်းချလိုက်နိုင်တော့တယ်။

"တပ်မဟာဦးစီးချုပ် ကျိုးကျိုးက စိတ်ခံစားချက်တွေ အနိမ့်အမြင့်အရမ်းများလွန်းသွားလို့ မေ့လဲသွားတာဖြစ်ပါလိမ့်မယ်။ စိတ်မပူပါနဲ့"

ဝမ်ရှောင်းယွင်က စိတ်ပူနေတုန်းပဲ။ "သူတကယ် အဆင်ပြေရဲ့လား၊ ဒီမတိုင်ခင်ကလည်း သူ ခေါင်းကိုက်တယ်လို့ပဲ ပြောနေတာ"

ဝမ်ရှောင်းယွင်က ကျိုးကျိုးနဲ့ သူ့မှတ်ဉာဏ်တွေအကြောင်း စကားပြောမိတာ အရမ်း နောင်တရနေမိတယ်။ ဘာလို့လဲဆိုတော့ သူတို့စကားပြောပြီးနောက်ပိုင်းမှာ ကျိုးကျိုးက မခံစားနိုင်လောက်တဲ့အထိ ခေါင်းတွေကိုက်နေတာကြောင့်ပဲ။ နောက်ပိုင်း ဝမ်ရှောင်းယွင်က စကားလမ်းကြောင်း ဘယ်လိုပဲ ပြောင်းဖို့ ကြိုးစားကြိုးစား၊ သူ့အာရုံကို ဘယ်လိုပြောင်းဖို့ လုပ်ပါစေ၊ ကျိုးကျိုးက မခံမရပ်နိုင်အောင် ခေါင်းကိုက်နေတုန်းပဲ။

အဆုံးမှာတော့ သူက လုံးဝကို မေ့လဲကျသွားတဲ့အထိပဲ။

စိတ်ပူပန်သောကတွေ တောက်လောင်ပြီး ဝမ်ရှောင်းယွင်ဟာ ဒေါက်တာဝှိုက်ကိုပဲ အမြန်ဆုံး ပင့်ခေါ်လိုက်ရတော့တယ်။

ဒေါက်တာဝှိုက်က စစ်ဆေးကြည့်ရှုတဲ့ကိရိယာကို ဖယ်လိုက်ပြီး အလွန် တိကျသေချာစွာနဲ့ ပြောတယ်။ "သူက တကယ်ပဲအဆင်ပြေပါတယ်၊ တပ်မဟာဦးစီးချုပ် စိတ်ပူစရာမလိုပါဘူး"

သူက ဒီလိုပြောရင်းနဲ့ တစ်ခုခုကို စဉ်းစားမိသွားပြီး တီးခေါက်ကြည့်လိုက်တယ်။ "မင်းနဲ့ ကျိုးကျိုး ရန်ဖြစ်ထားသေးလား"

စစ်သင်္ဘောဝီဗန်ပေါ်က တတိယတပ်ဖွဲ့ဝင်တွေက ကျွမ်းကျိုးနဲ့ ပထမဆုံး ပြောဆိုဆက်ဆံဖူးတဲ့ အုပ်စုပဲ။ သူတို့က ဗိုလ်ချုပ်ကြီးရဲ့ အနာဂတ်ဇနီးလောင်းလျာလေးကို အရမ်းသဘောကျခဲ့ကြတာ။ ဝီဗန်စစ်သင်္ဘောကိုလိုက်တဲ့ ဆရာဝန်အနေနဲ့ ဒေါက်တာဝှိုက်က တတိယတပ်ဖွဲ့က အခြားတပ်ဖွဲ့ဝင်တွေနဲ့ တစ်ဖက်တည်းမှာပဲရှိတယ်။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now