ရင်ခုန်သံကို မညာကြေး Episode (1)

30.6K 1K 7
                                    

အရိပ်ရ သစ်ပင်များဖြင့် အုံ့ဆိုင်းနေသော ခြံကြီးတစ်ခြံ ။ ပိုပြီးတိတိကျကျ ပြောရမည်ဆိုလျှင် ပူပြင်းလှသည့် နွေရာသီအခါသမယတွင် ထိုခြံလေးသည် ခြောက်သွေ့သောကန္တာရမှာ ရှားရှားပါးပါးတည်ရှိနေသော အိုအေစစ်လေးကဲ့သို့ မြင်တွေ့ရသူများကို စိတ်နှလုံးအေးချမ်းမှုပေး၏ ။

လမ်းမကြီးပေါ်မှ ကြည့်လိုက်လျှင်ပင် အရိပ်အာဝါသများကြောင့် အမြင်အေးလှပြီး တပ်ဆင်ထားသော သစ်သားတံခါးကြီးမှာလည်း နှစ်ဖက်ဖွင့်၍ကားကြီးတစ်စီးဝင်၍ရသည်အထိ ကျယ်ဝန်းသေးသည် ။ တစ်ခြံလုံးမှာ သစ်ပင်အရိပ်များရှိသော်လည်း ခြံရှေ့ပေသုံးဆယ်ပတ်လည်ခန့်နေရာသည် မည်သည့်အရိပ်မှ ရှိမနေသော နေရာလွတ်တစ်ခုဖြစ်၏ ။ နေရောင်ကို အချိန်ပြည့်ရသည့် ထိုနေရာလွတ်တွင် ကြိုးများတန်း၍ အဝတ်များလှန်းထားသည်ကို မြင်တွေ့ရမည် ။ လှန်းထားသည့် အဝတ်အများစုမှာ ကလေးဝတ် များဖြစ်၏ ။

နွေရာသီဖြစ်သည်နှင့်အညီ နေအပူချိန်သည် တော်တော်ပြင်းလှပြီး  ခြံထဲတွင် သစ်ရိပ်များရှိနေ၍သာ နေရထိုင်ရသည်မှာ အတော်လေးသက်သာလှသည် ။ ထိုခြံထဲတွင် ဟောင်းနွမ်းနေပြီး ကျယ်ဝန်းသည့် သစ်သားအိမ်ကြီးလည်းရှိသေး၏် ။ သွပ်မိုးထားသည့် အိမ်ခေါင်မိုးမှာ ရာသီဥတု၏ဒဏ်ကို ခံရသဖြင့် နဂိုအရောင်မှ သံချေးတက်နေသည့် အရောင်ပင် ပြောင်းနေချေပြီ ။ ထိုသစ်သားအိမ်၏ နောက်ဘက်အခြမ်းကို ယောက်ျားငါးယောက်က ပြင်ဆင်နေကြ၏ ။

ပုဆိုးကို ခပ်တိုတိုဝတ်ထားသည့်လူကြီးသည် ဘေးနားတွင်ရှိနေသော အသက်ပိုကြီးပုံရသောလူကြီးကို

" ရာသီဥတုကလဲ ပူလိုက်တာဗျာ ၊ လှုပ်ရှားလိုက်တာနဲ့ 
ချွေးပြိုက်ခနဲကျတာ "

" ဘယ်တတ်နိုင်မလဲကွာ ၊ မလုပ်ရင်ငတ်မှာလေ ၊ အဲဒီတော့ ချွေးထွက်ပဲ ခံရမှာပေါ့ "

အသက်ပိုကြီးသည့်လူကြီးက ပြောလည်းပြော ပုဆိုးခါးပုံစထဲမှာထည့်ထားသည့် ကွမ်းယာကို ယူစားလိုက်ပြီး ဘေးနားက လူကိုပါ စားဖို့ကမ်းပေးလိုက်လျက် ကျန်သည့်သုံးယောက်ကိုပါ

" မင်းတို့လဲစားလေ ၊ ဝယ်စားရတာဈေးကြီးလို့ ငါ့ဘာသာ အိမ်မှာကွမ်းရွက် ကွမ်းသီးဝယ်ပြီးကွမ်းယာလာတာ "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now