Episode (27)

4.2K 492 10
                                    

ညကိုးနာရီခန့်ရှိနေပြီ ဖြစ်၍ ဟိုတယ်ထမင်းစားခန်းအတွင်းတွင် ဧည့်သည်များ မရှိသလောက် နည်းပါးသွားသည် ။ အစွန်ဘက်ဆုံးထမင်းစားပွဲမှာ အတူတူ ထိုင်နေကြသည့် ယာယာ ၊ လက်ဝဲ ၊ သော်နှင့် တေဇ ။ ထမင်းစားနေကြသည်တော့ မဟုတ် ။ ကန်စွန်းဥမီးဖုတ်နှင့် ပလောင်ဒေသထွက် လက်ဖက်ခြောက်မွှေးမွှေးလေး ခတ်ထားသည့် ရေနွေးကြမ်းကို သောက်နေကြခြင်းသာ ။

တေဇက တစ်နေကုန်ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကို သော့်အား ပြန်ပြနေ၏ ။ ကန်စွန်းဥမီးဖုတ်ကိုလည်း အစားမပျက်ချေ ။ အအေးခံထားသည့် ရေနွေးကြမ်းကိုလည်း အရသာခံပြီး သောက်နေသေး၏ ။

" တေဇ...သော် ကလောမြို့ကို ခဏခဏရောက်တယ်သိလား ၊ ရောက်တိုင်းလဲ အလုပ်ကိစ္စက အမြဲတွဲပါနေတော့ ရွာငံ ပင်းတယဘက်ကို မလည်ဖြစ်ဘူး "

" တကယ်လှတယ်...သော်ရာ ၊ ရန်ကုန်မြို့မှာ မရတဲ့ လေကောင်းလေသန့်လဲရတယ် ၊ အမှိုက်လဲ တော်တော်နည်းတယ် ၊ တော်တော်များများနေရာတွေ သန့်ရှင်းကြတယ် "

" ရှုခင်းတွေက သိပ်လှတာပဲ မမရဲ့ ၊ နောက်ရက်မှ ယာယာ့အကောင့်မှာ ပုံတွေ တင်ရမယ် "

သုံးယောက်သား စကားတပြောပြောနှင့် ရှိနေသော်လည်း လက်ဝဲကတော့ စကားဝင်မပြောနိုင် ။ ကန်စွန်းဥအခွံများကို သေချာဂရုတစိုက်ခွာပြီးသည်နှင့် အနည်းငယ်အေးသွားစေရန် ပါးစပ်နှင့် လေတဖူးဖူးမှုတ်၏ ။ ပြီးသည်နှင့် အသင့်စား၍ လွယ်ကူစေရန် ကန်စွန်းဥ​အောက်ပိုင်းကို တစ်ရှူးစလေးနှင့် ပတ်ပေးပြီး ယာယာ့လက်ထဲကို ထည့်ထည့်ပေးနေ၏ ။

တစ်ယောက်တည်း အလုပ်များနေသည့် လက်ဝဲကိုကြည့်၍ သော်
ခပ်ယဲ့ယဲ့သာ ပြုံးမိသည် ။ လက်ဝဲ၏အာရုံအားလုံးသည် ယာယာနှင့် ကန်စွန်းဥဆီမှာသာ ။

"ကင်မရာထဲမှာ လက်ဝဲပုံတွေ သိပ်မပါဘူးနော် ၊ ဘာဖြစ်လို့ ပုံသိပ်မရိုက်တာလဲ လက်ဝဲရဲ့ "

ကုန်သွားသည့် ရေနွေးခွက်ထဲ ရေနွေးထပ်ဖြည့်ပေးရင်းနှင့်

" ကျွန်တော်က ဓာတ်ပုံရိုက်ရတာကို ဝါသနာမပါတာ သော်ရဲ့ ၊ ကင်မရာ ကျွန်တော့်ကို ချိန်တာနဲ့ နေရတာ အဆင်မပြေတော့ဘူး ၊ ဒီထဲပါလာတဲ့ ပုံတွေတောင် တေဇ ဇွတ်ဆွဲရိုက်လို့ ၊ မဟုတ်ရင် ရိုက်ဖြစ်မှာကို မဟုတ်ဘူး "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now